menu

လက်ရှိအခြေအနေတွင် ကော်ဖီစျေးကွက် ကျဆင်းသွားခြင်းမရှိ


🌿🍂🌿🍂🌿🍂🌿🍂🌿🍂🌿 

⏩ပြည်တွင်းကော်ဖီအထွက်နှုန်း အနည်းငယ်ကျဆင်းနေချိန် ကမ္ဘာ့စျေးကွက်တွင်လိုအပ်ချက်များကာ ကော်ဖီပြတ်လက်မှုများ ရှိနေသောကြောင့် export ပုံမှန်အတိုင်း တင်ပို့နေရ၍ စျေးကွက် ကျဆင်း သွားခြင်းမရှိကြောင်း ကော်ဖီလုပ်ငန်းရှင်များထံမှသိရသည်။ ပြည်တွင်း၌လည်း ကော်ဖီဆိုင်များတွင် ကော်ဖီသောက်သုံးမှုမှာလျော့နည်းသွားသော်လည်း အိမ်သောက်ကော်ဖီများမှာ ဝယ်ယူမှု ကောင်းနေသည့်အတွက် စျေးကွက်ပုံမှန်ရရှိနေကြောင်းလည်းသိရသည်။ထို့ကြောင့် ပြီးခဲ့သည့် ကိုဗစ် ဒုတိယလှိုင်းတွင် ကော်ဖီစျေးကွက် သိသာစွာကျဆင်းခဲ့သော်လည်း ယခုနှစ်မှာ ပုံမှန်အတိုင်း လည်ပတ်နေကြောင်း သိရသည်။ 

⏩“ကော်ဖီစျေးကွက်ကအသင်အတင့်တော့ကောင်းပါတယ်။ ဘရာဇီးမှာလည်း အထွက်နှုန်းလျော့တော့၊ ကမ္ဘာ့ ကော်ဖီစျေးကွက်မှာလည်း ပြတ်လတ်မှုရှိတော့ နိုင်ငံခြားတင်ပို့တဲ့ သူတွေအတွက်အခွင့်အရေး ကောင်းတယ်။ ပြည်တွင်းလည်းကောင်းပါတယ်။ ကော်ဖီအသင်းမှာ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူ၊ ကော်ဖီဆိုင်၊ တင်ပို့ရောင်းချသူတို့ပါဝင်ပြီး အားလုံးကို မျှကြည့်မယ်ဆိုရင်ကော်ဖီဆိုင်တွေကတော့ နစ်နာ တာပေါ့ ကိုဗစ်ကြောင့် ပါဆယ်စနစ်နဲ့မို့ အရောင်းကျတယ်။ ဒါပေမဲ့ ကော်ဖီကို လှော်ပြီး ကြိတ်ထားတဲ့ အိမ်သုံးနှိပ် ကော်ဖီကတော့ အရောင်းတက်တယ်။ အိမ်မှာသောက်သုံးမူတက်လာတာပါ။ ဒါကြောင့် ထုတ်လုပ်မှု အပိုင်းမှာတော့ အရမ်းကြီး မသိသာဘူး။ အားလုံးခြုံပြီးတော့ မျှတွက်မယ်ဆိုရင်တော့ စျေးကွက်က ကောင်းပါတယ်” ဟု မြန်မာနိုင်ငံကော်ဖီအသင်းမှ ဥက္ကဌ ဦးမျိုးအေး က ပြောသည်။ 

⏩လက်ရှိတွင် ပြည်ပဈေးကွက်၌ အရည်အသွေးပေါ်မူတည်ကာ ကော်ဖီ ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၄,၀၀၀ ၊ ၄,၅၀၀ မှ ၆,၀၀၀ အထိ ပေါက်စျေးရှိပြီးခဲ့သည့်နှစ်နှင့်ယှဥ်ပါက ၅ ရာခိုင်နှုန်းခန့် စျေးပိုရရှိကြောင်းသိရသည်။ “လက်ရှိ နိုင်ငံခြားရောင်းချမှုမှာအဓိက အခက်အခဲက အရင်ကလို ကွန်တိန်နာ ရရှိဖို့ မလွယ်ကူတော့ဘူး။ ပြည်တွင်းကို အဝင်နည်းလာတယ်။ ရရှိဖို့ ခက်ခဲတယ်။ အချိန်စောင့်ရတယ်။ နောက်ပြီး ကုန်ကျစရိတ်တွေ အရင်ကထက်မြင့်တက်လာတယ်။ ဒါကြောင့် ပြည်ပ တင်ပို့မှုမှာ အခက်အခဲတွေတော့ရှိတယ်” ဟု ပြည်ပကော်ဖီတင်ပို့သူတစ်ဦးကပြောသည်။ 

⏩ပြည်တွင်းစျေးကွက်၌ တစ်တန်လျှင် သိန်း ၃၀ မှ ၄၅သိန်း ဝန်းကျင်ထိရှိပြီး ပြီးခဲ့သည့်နှစ်ဖြင့် ယှဥ်လျှင် စျေးနှုန်းအတက်အကျ သိပ်မရှိကြောင်းသိရသည်။ လက်ရှိ မြန်မာ့ကော်ဖီအား ပြည်ပစျေးကွက်သို့ ပိုမိုထိုးဖောက်နိုင်ရန် ကိုဗစ်ကာလတွင် ပြည်ပ အွန်လိုင်းကော်ဖီပြပွဲများတွင်ပြသခြင်း၊ နိုင်ငံခြားသို့ ကော်ဖီနမူနာများပေးပို့ကာ ပြည်ပစျေးကွက်၌ တွင်ကျယ်အောင်ဆောင်ရွက်နေကြောင်းလည်း ကော်ဖီ အသင်းထံမှ သိရသည်။ မြန်မာ့ကော်ဖီအား အမေရိကန်ပြည်ထောင်စု၊ ဥရောပနိုင်ငံများကို အဓိက တင်ပို့ရောင်းချလျက်ရှိပြီး ဂျပန်၊ တောင်ကိုရီးယားနှင့်ကနေဒါ၊ ထိုင်း စသည့် အိမ်နီးချင်း နိုင်ငံများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။ 

⏩ယခုနှစ်တွင် ကော်ဖီတန်ချိန်တစ်ထောင်ခန့် ပြည်ပသို့တငိပို့နိုင်ရန် ဆောင်ရွက်နေပြီး ထပ်မံ၍ ဥရောပနိုင်ငံများ နှင့် အာဆီယံနိုင်ငံများကို စျေးကွက် ချဲ့နိုင်ရန် ကမ်းလှမ်းချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နေကြောင်းသိရသည်။ မြန်မာ့ကော်ဖီကို ရွာငံ၊ ဟိုပုံး၊ နောင်ချို ၊ ပြင်ဦးလွင်၊ မိုးကုတ်မြို့၊ ကရင်ပြည်နယ် တို့တွင် အဓိကစိုက်ပျိုးလျက်ရှိပြီး တစ်နှစ်လျှင် ပြည်တွင်း၌ကော်ဖီစေ့တန်ချိန် လေးထောင်မှ ခြောက်ထောင်အထိ ထွက်ရှိကြောင်းသိရသည်။ 

Credit to : အက္ခရာ(AMIA)