menu

လက်ဖက်ဈေးကွက် အခြေအနေ


🌿🌿🌿🌿🌿🌿🌿🌿🌿🌿

🔘ပြည်တွင်းလက်ရှိအခြေအနေများကြောင့် လက်ဖက်ဈေးကွက် ၅၀ရာခိုင်နှုန်းအထိ ကျဆင်းနေကြောင်း သိရသည်။ 

🔘"ဒီချိန်က ပေါက်ဈေးမရှိသလောက်ကို ဖြစ်နေတယ် ။ ဈေးက အကျဈေးဘက်မှာရောက်နေတာပါ။ လက်ရှိကကုန်သည်တွေကလည်းမဝယ်နိုင်၊ တောင်သူတွေကလည်းရောင်းလို့မရ အဲလိုဖြစ်နေတယ်။ ပြီးခဲ့တဲ့နှစ်က လက်ကျန်တွေတောင်ကျန်သေးတယ်။ အခုအလုပ်မဖြစ်လို့ စက်ရုံ တစ်ရုံတောင် ပိတ်ထားရတယ်။ ပြီးခဲ့တဲ့ကိုဗစ်မှာ အဲလောက်ပြဿနာမရှိခဲ့ဘူး။ တတိယလှိုင်းမှ အခက်ခဲဖြစ်တယ် “ ဟု လက်ဖက်လုပ်ငန်းရှင် ဦးကျော်သီဟ ကပြောသည်။ “လက်ရှိ ပြည်တွင်း၌စားသုံးမှု လျော့ကျနေတဲ့အပြင် ပြည်ပတင်ပို့မူများ အဆင်မပြေသည့်အတွက် ဈေးနှုန်းများလည်းကျဆင်းနေသည်” ဟု ၎င်းက ထပ်မံပြောသည်။

🔘လက်ဖက်ခြောက်အနေဖြင့် ပြည်တွင်းသုံးစွဲမူလျော့နည်းနေသည့်အတွက် ဈေးနှုန်းများ သိသိသာသာ ကျဆင်းနေပြီး လက်ဖက်စိုအနေဖြင့် စားသုံးမှုရှိနေသေးသည့်အတွက် ဈေးနှုန်းများ အနည်းငယ်သာ ကျဆင်းကြောင်း လက်ဖက်လုပ်ငန်းရှင်များကပြောသည်။ ယခင်နှစ်ကာလတူတွင် လက်ဖက်နေလှမ်း ခြောက် တစ်ပိသာလျှင် ၄,၂၀၀ မှ ၄,၅၀၀ အထိ ရှိရာမှ ဖေဖော်ဝါရီလမှစ၍ တစ်ပိသာလျှင် ၂,၀၀၀ မှ ၂,၅၀၀ ကျပ်ခန့်သာရှိတော့ကြောင်းသိရသည်။

🔘လက်ရှိ ငွေလွဲငွေထုတ်အခက်အခဲများနှင့် အသွားအလာများကို ကန့်သတ်ထားခြင်းကြောင့် လက်ဖက် ဈေးကွက်အား ပိုမိုထိခိုက်စေပြီးပြီးခဲ့သည့် နှစ်မှလက်ကျန်များပင် ကျန်ရှိနေသေးကြောင်း ကုန်သည်များ ကဆိုသည်။ ပြည်ပတင်ပို့မှုအနေဖြင့်လည်း အမေရိကန်နိုင်ငံသို့ လက်ဖက်အစိုတင်ပို့ရန် ဈေးနှုန်းညှိ နှိုင်းတွက်ချက်မှုများ ပြုလုပ်ခဲ့သော်လည်း ပြည်တွင်း၌ရောဂါအခြေအနေများနှင့် နိုင်ငံရေး အခြေအနေများကြောင့် တင်ပို့ရန် ညှိနှိုင်းမှုများလည်း ဖျက်သိမ်းလိုက်ရကြောင်းသိရသည်။ 

🔘တင်ပို့ရာတွင်လည်း တစ်ဖက်နိုင်ငံအနေဖြင့်၎င်းတို့ဝယ်ယူမည့် လက်ဖက်ဈေးနှုန်းအပြင် ကွန်တိန်နာ ငှားရမ်းခမြင့်မားနေခြင်းတို့ကြောင့် ချင့်ချိန်နေရကြောင်း လက်ဖက်အသင်းမှ ဒုတိယဥက္ကဌ ဦမျိုးဝင်း အောင်က ပြောထားသည်။ မြန်မာနိုင်ငံ လက်ဖက်အသင်းက ရရှိသည့်စာရင်းများအရ Green Tea နှင့် Black Tea ကို ဂျာမနီ၊ လက်ဖက်အစိုကို အမေရိကန်၊ ထိုင်ဝမ်နှင့် ယူကေနိုင်ငံများသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။ ပြည်တွင်း၌လက်ရှိ ဖြစ်ပွါးနေသည့် အခြေအနေများ တည်ငြိမ်သွားမှသာ လက်ဖက်ဈေးကွက်ပြန်လည်ကောင်းမွန်လာမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များမှသုံးသပ်ကြသည်။

🔘ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Credit to : အက္ခရာ (AMIA)