menu

လယ်ယာထွက်ကုန်များ ဈေးကွက်အခြေအနေ


🌾🌿🌽🌿🌾🌾🌿🌽🌿🌾

ရန်ကုန် ဆန်ဈေးကွက်အခြေအနေ .....

 ✔️နယ်စပ်ဂိတ်များမှ ဝယ်ယူမှုများသော ငစိန်ဆန် နှင့် ဧည့်မထဆန် အမျိုးအစားများမှာ ကုန်စည်စီးဆင်းမှု ခက်ခဲလာခြင်းကြောင့် အရောင်းအဝယ်အေးသော်လည်း ဈေးနှုန်း တည်ငြိမ်လျက်ရှိသည်။ ပြည်တွင်း စားသုံးမှုများသော ကျန်ဆန်အမျိုးအစားများမှာမူ ဝယ်လိုအားနည်းနေသော်လည်း ပြည်တွင်း ဆန်လက်ကျန်နည်းလာခြင်းကြောင့် ဈေးနှုန်းအမြင့်များဖြင့်သာ တည်ငြိမ်လျက်ရှိသည်။ လတ်တလောတွင် ပြည်တွင်းဆန်များအား တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံများသို့ အများဆုံး တင်ပို့ရောင်းချမှုရှိပြီး၊ ဆန်ကွဲများအား တရုတ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘယ်လ်ဂျီယမ်နိုင်ငံ၊ စီနီဂေါနိုင်ငံ နှင့် နယ်သာလန်နိုင်ငံများသို့ အများဆုံးတင်ပို့ထားကြောင်း သိရသည်။ ရန်ကုန်ဈေးကွက်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ဒေးဒရဲ၊ ကွမ်းခြံကုန်း၊ ဝါးခယ်မ၊ ကော့မှူး၊ တွံတေး၊ မြောင်းမြ၊ ကျိုက်လတ်၊ လပွတ္တာ၊ ရွှေဘိုဒေသများ မှ ဆန်အဝင် လျော့နည်းခဲ့ကြောင်းလည်း သိရသည်။

အစေ့ထုတ်ပြောင်း ဈေးကွက်အခြေအနေ .....

 ✔️အစေ့ထုတ်ပြောင်းဈေးနှုန်းမှာ အိမ်နီးချင်း ထိုင်းနိုင်ငံ နှင့် တရုတ်နိုင်ငံများတွင် လိုအပ်ချက်များကာ ဝယ်လိုအားမြင့်နေခြင်းကြောင့် နယ်စပ်ပေါက်ဈေးများ မြင့်လာခြင်း၊ ပြည်တွင်း ပြောင်းလက်ကျန် နည်းလာကာ မြဝတီနယ်စပ်ဂိတ်မှ ပုံမှန်တင်ပို့မှုရှိခြင်း၊ ပြည်တွင်း အစာစပ်လုပ်ငန်းများမှ ပုံမှန် ဝယ်ယူမှု ရှိခြင်းတို့ကြောင့် အစေ့ထုတ်ပြောင်း၏ ပြည်တွင်း၊ ပြည်ပဈေးနှုန်းများမှာ ယခင်အပတ်နည်းတူ အမြင့်ဈေးဖြင့် အရောင်းအဝယ် ဖြစ်ခဲ့သည်။ အစေ့ထုတ်ပြောင်း (၅၄) ပိဿာ၏ ပျမ်းမျှဈေးနှုန်းမှာ ၃၆,၇၂၀ကျပ်ဖြစ်သည်။

ပဲမျိုးစုံ ဈေးကွက်အခြေအနေ .....

 ✔️ပဲစင်းငုံ(သင်္ဘောတင်) ဈေးနှုန်းများမှာ မြန်မာ၊ တန်ဇန်းနီးယား၊ ဆူဒန် နှင့် အီသီယိုပီးယားနိုင်ငံများမှ ပဲစင်းငုံများ အိန္ဒိယနိုင်ငံသို့ ပုံမှန် ဝင်ရောက်နေခြင်းကြောင့် အိန္ဒိယ ကုန်သည်များက အဝယ်နည်းခဲ့သလို ပြည်တွင်းပဲခွဲစက်များကလည်း ယခုသီတင်းပတ်အတွင်း ပဲအဝယ် လျော့နည်းခဲ့သည်။ သို့သော် လက်ကျန် နည်းနေခြင်း နှင့် စင်ကာပူ ဝယ်လက်များမှ ဝယ်ယူမှုရှိလာခြင်း၊ ပြည်ပငွေလဲနှုန်း မြင့်နေခြင်းတို့ကြောင့် ပဲစင်းငုံ(သင်္ဘောတင်) တစ်တန်လျှင် ယခင်အပတ် ဈေးနှုန်းမှာ ၁,၀၈၀,၀၀၀ကျပ် နှင့် ယခုအပတ်ဈေးနှုန်းမှာ ၁,၁၂၀,၀၀၀ကျပ်တို့ဖြင့် ဈေးမြင့်နေခဲ့သည်‌။

 ✔️မတ်ပဲ(သင်္ဘောတင်) ဈေးနှုန်းများမှာ အဓိက ဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင် ပြည်တွင်းစိုက် မတ်ပဲအသစ်အချို့ ဈေးကွက်သို့ အဝင်ရှိလာခြင်း၊ မြန်မာမတ်ပဲများ အိန္ဒိယသို့ ပုံမှန် တင်ပို့နေခြင်းတို့ကြောင့်‌ ယခုသီတင်းပတ်တွင် ပဲအဝယ် လျော့နည်းခဲ့သည်။ သို့သော်လည်း မြန်မာပြည်တွင်း၌ လက်ကျန် နည်းနေချိန်ဖြစ်ခြင်း၊ စင်ကာပူ ဝယ်လက်များမှ ဝယ်ယူမှုရှိလာခြင်း၊ ပြည်ပငွေလဲနှုန်း မြင့်နေခြင်း တို့ကြောင့် မတ်ပဲ(သင်္ဘောတင်) ဈေးနှုန်းများ ယခင်အပတ်ထက် ဈေးမြင့်ခဲ့သည်။ ယခင်အပတ် ဈေးနှုန်း တစ်တန် ၁,၀၈၀,၀၀၀ ကျပ်မှ ယခု ၁,၁၃၅.၀၀၀ ကျပ် ဖြစ်လာခဲ့သည်။

 ✔️ပဲတီစိမ်းမှာ ပခုက္ကူ၊ ခရမ်း၊ ပဲခူး၊ ဝါးခယ်မဒေသများမှ ဈေးကွက်သို့ ကုန်ဝင်ရောက်မှု နည်းသော်လည်း နယ်ဈေးကွက်များတွင် အရည်အသွေး အနိမ့်စများခြင်း နှင့် ကိုဗစ်(၁၉) ဂယက်များကြောင့် နယ်စပ်ဂိတ်များသို့ ကုန်စည်စီးဆင်းမှု အားနည်းသွားခြင်းတိုကြောင့် ယခင်သီတင်းပတ်ထက် ဈေးနိမ့်ကာ အရောင်းအဝယ်ဖြစ်ခဲ့သည်။ ယခင်သီတင်းပတ် ဈေးနှုန်းမှာ‌ သုံးတင်း ပိဿာ ၆၀ လျှင် ၁၂၁,၀၅၀ကျပ် မှ ယခုသီတင်းပတ်တွင် ၁၁၂,၀၅၀ ကျပ် ဖြစ်ခဲ့သည်။

 ✔️ပဲလွမ်းဖြူ၊ ပဲပုပ်နှင့် ထောပတ်ပဲ မှာ အစိုက်နည်း၊ အထွက်နည်းသော ပဲများဖြစ်၍ ဈေးကွက်သို့ ပဲအဝင်နည်းသော်လည်း အရည်အသွေးအပေါ် မူတည်၍ ဈေးကောင်းပေးအဝယ်ရှိခြင်းကြောင့် ယခင်သီတင်းပတ် ဈေးနှုန်များဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့သည်။ ပဲလွမ်းဖြူ ပျမ်းမျှအားဖြင့် သုံးတင်း ပိဿာ ၆၀ လျှင် ၁၃၉,၉၅၀ ကျပ် ဖြစ်ပြီး၊ ပဲပုပ် သုံးတင်း ပိဿာ ၆၀ လျှင် ၉၀,၀၀၀ ကျပ် ဖြစ်သည်။ ထောပတ်ပဲ ဈေးနှုန်းများမှာ သုံးတင်း ပိဿာ ၆၀ ပျမ်းမျှဈေးနှုန်း ၇၅,၇၅၀ ကျပ် ဖြစ်သည်။

 ✔️ကုလားပဲ နှင့် ဘိုကိတ်ပဲ ဈေးနှုန်းများမှာ ပဲလက်ကျန်နည်းခြင်း နှင့် ပြည်တွင်း၊ ပြည်ပမှ ဝယ်လိုအားရှိခြင်းတို့ကြောင့် ယခင်သီတင်းပတ်ထက် ဈေးမြင့်ခဲ့သည်။ ကုလားပဲဈေးနှုန်းမှာ ပျမ်းမျှအားဖြင့် ယခင်သီတင်းပတ်ဈေးနှုန်း တစ်ပိဿာ ၁၅၂၈ ကျပ် ဖြစ်ပြီး ယခုသီတင်းပတ် ဈေးနှုန်းမှာ ၁၇၁၅ ကျပ် ဖြစ်သည်။ ဘိုကိတ်ပဲမှာ သုံးတင်း ပိဿာ ၆၀ လျှင် ယခင်သီတင်းပတ် ၉၅,၁၀၀ကျပ် ဈေးပေါက်ပြီး ယခုသီတင်းပတ် ၉၇,၅၀၀ကျပ် ဖြစ်သည်။

Sources : MIS (Market Information Service)