menu

“မြေပဲဆံ စံချိန်တင်ဈေးဖြင့်အဝယ်သွက်နေပြီး အခြားပဲများလည်း ပုံမှန်ဈေးကွက်ရှိနေ”


🥜🫘🥜🫘🥜🫘🥜🫘🥜🫘🥜 

▶️ယခုသီတင်းပတ် ပဲမျိုးစုံဈေးကွက်တွင် ပဲအများစုမှာ ပုံမှန်အတိုင်းသာ အရောင်းအဝယ်ဖြစ်နေကြသော်လည်း မြေပဲဆံမှာမူစံချိန်တင်ဈေးဖြင့် အရောင်းသွက်နေကြောင်းသိရသည်။

▶️မန္တလေးပဲနှမ်းဈေးကွက်တွင် ဆီစက်ပိုင်ရှင်များက ဝယ်ယူမှုကောင်းနေခြင်း နှင့် တရုတ်ဝယ်လက်များ ဆုံနေသဖြင့် မြေပဲဆံတစ်ပိဿာ ကျပ် ၄,၄၀၀ ထိဖြစ်လာကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

▶️“မြေပဲဆံက ပြည်တွင်းဆီစက်ပိုင်တွေနဲ့တရုတ်ဝယ်လက်တွေ ဝယ်လိုအားကောင်းနေတော့ တစ်ပိဿာ ကျပ် ၄,၄၀၀ ဈေးပြန်ဖြစ်လာပါတယ်။ ပဲတီစိမ်းကတော့ တစ်အိတ် ၁၅၃,၀၀၀-၁၅၄,၀၀၀ ဈေးတက်လာပါတယ်။ ပို့ကုန် မတ်ပဲနဲ့ ပဲစင်းငုံတွေကတော့ အရောင်းအဝယ်ပုံမှန်သာရှိနေပါတယ်။ မတ်ပဲဈေးက တစ်အိတ် ၁၅၀,၀၀၀ ပေါက်ဈေးရှိပါတယ်။ ပဲစင်းငုံ တစ်အိတ် ၁၃၀,၀၀၀ နဲ့ ဈေးငြိမ်နေပါတယ်။ မြေပဲလုံးဆံကတော့ တင်ပို့မှု ကန့်သတ်ထားပေမယ့် တရုတ်ကုန်သည်တွေ အဝယ်ရှိနေပါတယ်။ ပြည်တွင်းသုံးကုလားပဲအုပ်စုနဲ့ ပဲမာလိုင်းများကတော့ ဈေးကွက်ပုံမှန်လေးနဲ့ သွားနေပါတယ်” ဟု ၎င်းက ပြောသည်။

🫘ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း🫘

ပို့ကုန် မတ်ပဲနှင့် ပဲတီစိမ်းမှာ ပုံမှန်အရောင်းအဝယ်ငြိမ်နေသော်လည်း ယခင်သီတင်းပတ်ထက် ဈေးအနည်းငယ်မြင့်တက်လာရာ ဇွန် ၁၆ ရက်နေ့တွင် ပဲစင်းငုံမှာ တစ်အိတ်ကျပ် ၁၃၀,၀၀၀ ခန့်ဖြင့်ဈေးတည်ငြိမ်နေသည်။ မတ်ပဲ တစ်အိတ် ကျပ် ၁၅၀,၀၀၀ ၊ ပဲတီစိမ်းရွှေဝါ တစ်အိတ်ကျပ် ၁၅၄,၀၀၀ ပေါက်ဈေးဖြစ်လာပြီး ယခင်သီတင်းပတ်ထက် ဈေးအနည်းငယ်မြင့်တက်လာသည်။ ပို့ကုန်ပဲများ၏ ငွေပေးချေမှုပေါ်မူတည်ပြီး တစ်အိတ်ကျပ် ၂,၀၀၀ - ၃,၀၀၀ ဈေးကွာခြားမှုဖြင့် အရောင်းအဝယ်ပြုလုပ်နေကြကြောင်း သိရသည်။

🥜မြေပဲ🥜

မြေပဲဆံတင်ပို့ကုန်ကို ကန့်သတ်ထားသော်လည်း တရုတ်နိုင်ငံသို့ တင်ပို့မှုရှိနေခြင်းနှင့် ပြည်တွင်း ဆီစက်ပိုင်များမှ ဝယ်ယူအားကောင်းလာတာကြောင့် ပြန်လည်မြင့်တက်လာနေပြီး ဇွန်လ(၁၆) ရက်တွင် S1မြေပဲဆံတစ်ပိဿာ ငွေကျပ် ၄,၄၀၀ - ၄,၄၅၀ ပေါက်ဈေးဖြစ်လာသည်။ အနီလုံးဆံနှင့်အခြား အမျိုးအစားများမှာ တစ်ပိဿာကျပ် ၄,၂၀၀ နှင့်အောက်တွင် ပေါက်ဈေးရှိနေသည်။ မြေပဲဆီပေါက်ဈေး မှာ တစ်ပိဿာ ငွေကျပ် ၉,၀၀၀ - ၉,၅၀၀၊ နှမ်းဆီတစ်ပိဿာ ၈,၀၀၀၊ စားအုန်းဆီမှာ ကုန်စည်ဒိုင်အတွင်း အရောင်းအဝယ်မရှိကြောင်းသိရသည်။

▶️ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ကုလားပဲဗွီးတူး ကျပ် ၁၅၂,၀၀၀၊ ကုလားပဲအမျိုးအစားအလိုက် တစ်အိတ် ၅,၀၀၀ ကျပ် ဈေးမြင့်တက်လာပြီး ပဲယင်းတစ်အိတ်ကျပ် ၁၄၀,၀၀၀၊ ပဲကြီးတစ်အိတ်ကျပ် ၁၈၀,၀၀၀၊ ပဲထောပတ်တစ်အိတ် ကျပ် ၁၄၂,၀၀၀၊ စွန်တာပြာတစ်အိတ် ကျပ် ၁၃၂,၀၀၀၊ မြေထောက်ပဲ တစ်အိတ် ကျပ် ၁၈၅,၀၀၀ ၊ ကျွန်းစားတော်ပဲတစ်အိတ် ကျပ် ၂၈၅,၀၀၀ အသီးသီးပေါက်ဈေးရှိကြောင်း သိရသည်။

Sources : ရွှေမန်း (The Farmer Media)