menu

မိုးစပါးများ အခြေခံဈေးနှုန်းအောက်ကျပါက တိုင်းနှင့်ပြည်နယ်ငါးခုတွင် အစိုးရက ဝယ်ယူပေးမည်



▪️ မိုးစပါးပေါ်ချိန်တွင် စပါးစျေးနှုန်းများအခြေခံသတ်မှတ်ဈေးနှုန်းအောက် လျော့ကျပါက တိုင်းဒေသကြီး နှင့် ပြည်နယ်ငါးခုတွင် စပါးဝယ်ယူပေး ရန် ပြင်ဆင်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနက သိရသည်။စပါးဝယ်ယူရန် ကျပ် ၂၀ ဘီလျံ တင်ပြတောင်းခံထားပြီးဖြစ်ကြောင်း ၊ ရခိုင် ပြည်နယ်၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးနှင့် တနင်္သာရီတိုင်းဒေသကြီး တို့တွင် ဝယ်ယူပေးရန်လျာထားကြောင်း သိရသည်။

▪️ ယခုအချိန်တွင် မိုးစပါးများ စတင်ပေါ်နေပြီဖြစ်ပြီး ဈေးနှုန်းမှာ အခြေခံရည်ညွှန်းဈေးဖြစ်သည့် ၅၂၀,၀၀၀ ကျပ်အထက်ရှိနေသေးပြီး နောက်ပိုင်းတွင်အခြေခံဈေးနှုန်းအောက် လျော့ကျလာပါကဝယ်ယူပေးသွား မည်ဖြစ်ကြောင်း သိရသည်။"တစ်နိုင်ငံလုံးဆိုတာထက် ပြည်နယ်၊ တိုင်းတွေနဲ့ အစည်းအဝေးလုပ်တဲ့ အခါမှာ တိုင်းနဲ့ပြည်နယ်ငါးခုမှာပဲ အဓိကထား ဝယ်ပေးသွားမှာပါ"ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။ ▪️အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို တင်း ၁၀၀ လျှင် ကျပ် ၅၂၀၀၀၀ အဖြစ် သတ်မှတ်ကြောင်း တောင်သူ လယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင် အဖွဲ့က ဇူလိုင်၂၃ရက်တွင် ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။ 

▪️ "မိုးစပါးက ရန်ကုန်၊ဧရာ၀တီ၊ပဲခူး၊မွန်၊ကရင် တို့မှာ စရိတ်နေပါပြီ။ အောက်တိုဘာလအတွင်းမှာ မိုးစပါး ဧက တစ်သိန်းခွဲလောက် ရိတ်မှာပေါ့။ ကောက်စောစပါး စပေါ်ပြီဆိုတော့ တောက်လျောက်ရိတ်တော့ မှာပါ" ဟု စိုက်ပျိုးရေးဦးစီဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ကပြောသည်။ ▪️မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က" စိုးရိမ်တာနှစ်ခုရှိပါတယ်။ သယ်ယူပို့ဆောင် ရေး လမ်းကြောင်းတွေ ကိုဗစ်ကြောင့် ကြန့်ကြာတာတို့၊ ပိတ်ဆို့တာတို့ဖြစ်မှာ စိုးတယ်။နောက်တစ်ချက် က ကမ္ဘာ့ဈေးကွက်က ငွေလဲလှယ်နှုန်းနဲ့ ဆက်စပ်နေတယ်။ အခုချိန်မှာ ကျပ်နဲ့ဒေါ်လာငွေလဲလှယ်နှုန်း က ပို့ကုန်လုပ်ငန်းသမားတွေအတွက် သိပ်ပြီးအဆင်မပြေဘူးပေါ့နော်။ ဒီအချိန်ငွေလဲလှယ်နှုန်းနဲ့ဆို ဈေးနှုန်းတွေကျနိုင်တယ်ပေါ့။ ဒါကိုတော့ ကျနော်တို့က စိုးရိမ်ပါတယ်"ဟု ပြောသည်။

မြင့်ဇော်ထွန်း
မြန်မာတောင်သူကြီးများဂျာနယ်
The Farmer Myanmar