menu

မကွေးတွင် ခရမ်းချဉ်သီး ရှားလာ၍ ဈေးတက်လာ


🌿🍅🌱🍅🌿🌿🍅🌱🍅🌿

↗️မကွေးတိုင်းဒေသကြီးအတွင်း ထွက်ရှိသော ခရမ်းချဉ်သီးများ ရှားပါးလာ၍ ရှမ်းပြည်နယ်ရှိ အောင်ပန်း၊ ကလောနှင့် ညောင်ရွှေမြို့နယ်တို့မှ ခရမ်းချဉ်သီးများမှာယူရောင်းချရသဖြင့် တစ်ပိဿာလျှင်ကျပ် ၁,၅၀၀ အထိ ဈေးတက်လာကြောင်း မကွေးမြို့မဈေးကုန်စိမ်းအရောင်းကိုယ်စားလှယ်များထံမှ သိရသည်။

↗️မကွေးတိုင်းအတွင်းရှိ မြို့နယ်များတွင် ခရမ်းချဉ်သီးများကို မိုးနှင့်ဆောင်းရာသီတို့၌ အများအပြား ထွက်ရှိပြီး ဧပြီလနှင့် မေလအတွင်းတို့တွင် ဒေသအခေါ် ဗမာခရမ်းချဉ်သီးများ ရှားပါးသဖြင့် အဆိုပါလ များတွင် ရှမ်းပြည်နယ်က ခရမ်းချဉ်သီးကို မှာယူရောင်းရကြောင်း မြို့မဈေးမှအရောင်းကိုယ်စားလှယ် တစ်ဦးက ပြောသည်။ "အခုလက်ရှိက ရှမ်းပြည်နယ်က ခရမ်းချဉ်သီးတွေကိုမှာရောင်းရတယ်။ဈေးကတော့ အမျိုးမျိုးရှိတယ်။ အမြင့်ဆုံးက တစ်ပိဿာကို ကျပ် ၁,၅၀၀ အထိရှိတယ်"ဟု၎င်းကပြော သည်။

↗️ယမန်နှစ်က မကွေးတိုင်းဒေသကြီးအတွင်း ခရမ်းချဉ်သီးများ အထွက်နှုန်းများပြီး ဈေးနှုန်းကျကာ ဝယ်သူမရှိသဖြင့် ခရမ်းချဉ်သီးများကို နွားကျွေးရသည်အထိဖြစ်ခဲ့၍ ယခုနှစ်တွင်စိုက်ပျိုးမှုနည်းခဲ့ကြောင်း တောင်သူများကပြောသည်။ 

↗️မင်းဘူး(စကု) မြို့နယ် ကျောက်တန်းကျေးရွာက တောင်သူ ကိုသိန်းဇော်က "ပြီးခဲ့တဲ့ သင်္ကြန်မတိုင်ခင် ကစပြီး တောင်သူတွေလက်ထဲမှာ ခရမ်းချဉ်သီးက မရှိတော့တာ။ ကျွန်တော်တို့မှာ ပစ္စည်းတွေ ပေါပေါ များများ ရှိချိန်ကတစ်ပိဿာကို ကျပ် ၂၅၀ ကနေ ကျပ် ၅၀၀ ရဖို့ မနည်းရောင်းရတယ်။ တချို့ဆိုမဝယ်လို့ နွားစာကျွေးရတယ်"ဟု ပြောသည်။ 

အောင်တင်ဝင်း (မြန်မာတောင်သူကြီးများဂျာနယ်)