menu

မန္တလေးဈေးကွက်သို့ ပဲတီစိမ်းများ လှိုင်လှိုင်ဝင်ရောက်နေ


🌿🌿🌿🌿🌿🌿🌿🌿🌿🌿

✔️ မန္တလေးပဲမျိုးစုံဈေးကွက်သို့ ပဲတီစိမ်း(အညာရွှေဝါ)များ ယခုရက်ပိုင်းအတွင်း အများအပြား ဝင်ရောက် လာနေပြီး သုံးတင်းဝင်တစ်အိတ် ကျပ် ၁၂၀,၀၀၀ ဈေးရရှိနေကြောင်း မန္တလေးပဲကုန်သည်များထံက သိရသည်။

✔️ ပဲတီစိမ်း(အညာရွှေဝါ)သည် ဆောင်းသီးနှံအဖြစ် မုံရွာ၊ ရွှေဘို၊ မြောင်၊ မြင်းမူစသည့်ဒေသများမှ ဝင်ရောက်နေခြင်းဖြစ်ပြီး ယခုနှစ်ထွက်ရှိသည့် ပဲတီစိမ်းများမှာ ရာသီဥတုကောင်းမွန်မှုကြောင့် အရည်အသွေးကောင်းမွန်သကဲ့သို့ အလုံးအဖန်များလည်း ယခင်နှစ်များထက်ပိုမိုကောင်းမွန်သဖြင့် ရောင်းတန်းဝင်သည်ကို တွေ့ရှိရကြောင်းနှင့် ပြီးခဲ့သည့်နှစ်ကပဲတီစိမ်းသုံးတင်းဝင်တစ်အိတ်လျှင် ကျပ်တစ်သိန်းသာရှိခဲ့သော်လည်း ယခုနှစ်တွင်မူ ကျပ် ၁၂၀,၀၀၀ ထိ ပေါက်ဈေးရှိနေကြောင်းသိရသည်။

✔️ "ပဲတီစိမ်းက ဒီနှစ်မှာအထွက်နှုန်းလည်း လျော့ကျမသွားပဲ ပုံမှန်အတိုင်းထွက်ရှိလာပါတယ်။ မကြာခင် ရန်ကုန်တိုင်းဒေသကြီးအတွင်းကထွက်ရှိလာတဲ့ ပဲတီစိမ်း(ခရမ်းရွှေဝါ) တွေလည်း မန္တလေးဈေးကွက်ကို ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။ ပဲတီစိမ်းကမန္တလေးဈေးကွက်က အဓိကကျပါတယ်။ တရုတ်မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေဖွင့်လာလို့ တရုတ်အဝယ်တော်တွေကလည်းနေ့စဉ် ဝယ်ယူနေပါတယ်။ 

✔️ မကြာခင်မှာလည်း မြန်မာငွေနဲ့ တရုတ်ယွမ်ငွေဟာ နယ်စပ်ကုန်သွယ်ရေးမှာ တရားဝင်တိုက်ရိုက် လွှဲနိုင်မှာဖြစ်တဲ့အတွက် အရောင်းအဝယ်တွေ ယခုထက်ပိုပြီးတော့ကောင်းမွန်လာနိုင်မှာဖြစ်ပါတယ်" ဟု မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ) က သုံးသပ်ပြောကြားသည်။

✔️ ပဲတီစိမ်းမှာ တရုတ် ၊ အိန္ဒိယ နှစ်နိုင်ငံပို့ကုန်သမားများ ဝယ်ယူမှုရှိခြင်းကြောင့် စျေးကွက်သို့ရောက်ရှိ သလောက် ဝယ်ယူမှုရှိနေပြီးတောင်သူများအနေဖြင့်လည်း စိုက်ပျိုးစရိတ်သွင်းအားစု၊ လုပ်သားခများ ယခင်နှစ်ထက် ပိုမိုကုန်ကျထားသဖြင့် ယခင်နှစ်များထက် ဈေးပိုမိုရရှိရန်မျှော်လင့်နေကြောင်းလည်း သိရသည်။

Sources : ရွှေမန်း (The Farmer Media)