menu

“မန္တလေးဈေးကွက်တွင် မြန်မာဂျုံသီးနှံများ အမြင့်ဈေးနှုန်းဖြင့် အရောင်းသွက်နေ”


🎋🎋🎋🎋🎋🎋🎋🎋🎋🎋

↗️ယခုရက်ပိုင်းအတွင်း မန္တလေးဈေးကွက်အတွင်းသို့ ဝင်ရောက်လာသည့် မြန်မာလယ်ယာထွက်ကုန် ဂျုံသီးနှံများ အမြင့်ဈေးနှုန်းဖြင့် အရောင်းအဝယ်သွက်နေကြောင်း မန္တလေးပဲကုန်သည်များထံက သိရသည်။

↗️အဆိုပါ ဂျုံသီးနှံများသည် မန္တလေးဈေးကွက်အတွင်း၌ အမြင့်ဈေးနှုန်းများဖြင့် ယခုရက်ပိုင်းတွင် အရောင်းအဝယ်သွက်နေပြီး ယင်းဂျုံများမှာ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ ဘုတလင်၊ မြင်းမူ၊ မြောင် စသည့် ဒေသများမှ ဝင်ရောက်ခြင်းဖြစ်သည်။ ဂျုံသီးနှံမှာ ဇန်နဝါရီလအတွင်းက သုံးတင်းဝင်တစ်အိတ် ကျပ် ၉၀,၀၀၀ ဈေးရှိခဲ့သော်လည်း ယခုကျပ် ၁၁၅,၀၀၀ အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။

↗️"ဂျုံသီးနှံတွေက အမြင့်ဈေးနှုန်းနဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ မန္တလေးဈေးကွက်မှာ အရည်အသွေးကောင်းတဲ့ မြောင်ဒေသကထွက်တဲ့ ဂျုံတွေကတော့ လူအကြိုက်အများဆုံးဖြစ်ပါတယ်။ ဂျုံသီးနှံကတော့ ကမ္ဘာမှာ စားသုံးမှုအများဆုံးသီးနှံဖြစ်တယ်။ မြန်မာနိုင်ငံမှာတော့ ဆန်စပါးပြီးရင် ဂျုံသီးနှံဟာ ဒုတိယအများဆုံးစားသုံးပါတယ်။ ယခု ၂၀၂၂ ခုနှစ်မှာ ဂျုံဈေးတွေမြင့်မားနေတော့ ဂျုံ စိုက်တောင်သူတွေအတွက် အမြတ်အစွန်းရပြီး တွက်ချေကိုက်တဲ့နှစ်ဖြစ်ပါတယ်။ ယခင်က ဂျုံစေ့(သို့မဟုတ်)ဂျုံမှုန့်ကို ပြည်ပကနေ မှာယူတင်သွင်းတာတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံခြားဝင်ငွေ ယိုဖိတ်မှုကို တားဆီးနိုင်အောင်လို့ ဒုတိယအများဆုံးစားသုံးတဲ့ ဂျုံစိုက်ဧကတွေကို တိုးချဲ့စိုက်ပျိုးဖို့ အကြံပြုချင်ပါတယ်။ ဂျုံစားသုံးမှုကလည်း တစ်နှစ်ထက်တစ်နှစ်များပြားလာပါတယ်။ ဒီနှစ်မှာ ဂျုံဈေးကကျဆင်းမှုမရှိပဲနဲ့ ဆက်လက်မြင့်တက်လာနိုင်မယ်လို့ ခန့်မှန်းပါတယ်" ဟု ၎င်းက ပြောသည်။ 

↗️မြန်မာပြည်တွင် ဂျုံသီးနှံကို စစ်ကိုင်းတိုင်းဒေသကြီး၌ အဓိကထား စိုက်ပျိုးကြပြီး၊ ရှမ်းပြည်(တောင်ပိုင်း)၊ ရှမ်းပြည်(မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ကယား ပြည်နယ် တို့တွင်လည်း စိုက်ပျိုးကြကြောင်း သိရသည်။ 

↗️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Sources : ရွှေမန်း (The Farmer Media)