menu

မတ်ပဲ၊ ပဲစင်းငုံနှင့် ပြည်တွင်းသုံးကုလားပဲအုပ်စု ဆက်လက်ဈေးမြင့်တက်လာ


🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘

✔️ ယခုတစ်ပတ်တွင် မတ်ပဲ၊ပဲစင်းငုံနှင့် ပြည်တွင်းသုံးကုလားပဲအုပ်စု ဆက်လက်ဈေးမြင့်နေကြောင်း ပဲကုန်သည်များထံက သိရသည်။ ပြည်တွင်းသုံးပဲမာလိုင်းများမှာ ဈေးပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပုံမှန်သာရှိနေသည်။

✔️ ပြည်တွင်းသုံးကုလားပဲများ ဆက်လက်ဈေးမြင့်လာပြီး ပို့ကုန်ပဲများ ဈေးအနည်းငယ်သာမြင့်တက်နေကြောင်း၊ အသစ်ဝင်မြေပဲဆံများ အဝင်များသလောက်အဝယ်ကောင်းနေရာ မိုးမိအရည်အသွေးကျလျှင် ဈေးကျဆင်းသော်လည်း ထိပ်စအရည်အသွေးကောင်းမြေပဲဆံများကို တရုတ်လိုင်း အဝယ်ကောင်းနေကြောင်း၊ တရုတ်နိုင်ငံမှတင်သွင်းသည့် ကနေဒါစားတော်ပဲမှာ အဝင်မရှိတာကြောင့် ဈေးမြင့်လာကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

✔️ "ကုလားပဲဈေးတွေ လက်ကျန်နည်းလာလို့ ဈေးတက်လာပါတယ်။ ဒီနေ့ပေါက်ဈေးတွေက အရင်သီတင်းပတ်ထက် တစ်အိတ် ငွေကျပ် ၂,၀၀၀ လောက် ဆက်တက်လာတာပါ။ ပဲခွဲစက်သမားတွေ အဝယ်ကောင်းနေပါတယ်။ ဈေးအများကြီးတက်တာမျိုးမဟုတ်ဘဲ ဈေးကွက်ထဲ ရောင်းသမျှကုန်နေပါတယ်။ ပို့ကုန်ပဲတွေကတော့ အနည်းငယ်သာ ဈေးတက်နေပါတယ်။ မြေပဲဆံတွေကတော့ အညာအသစ်တွေ တော်တော်ဝင်လာပါတယ်။ မိုးမိထားတဲ့ အရည်အသွေးဆိုရင်တော့ဈေးနည်းပါတယ်။တရုတ်လိုင်းကတော့ ထိပ်စတစ်မျိုးပဲ အရောင်းအဝယ်ကောင်းနေပါတယ်။ ပြည်တွင်းသုံးပဲမာလိုင်း ကတော့ ဈေးအေး၊ အဝယ်အေးဖြစ်နေပါတယ်။ ပို့ကုန်ပဲတွေက ဈေးအမြင့်ဈေးနဲ့ငြိမ်နေပါတယ်။ တရုတ်က ပြန်ဝင်တဲ့ ကနေဒါစားတော်ပဲကတော့ ဈေးပြန်မြင့်နေပါတယ်" ဟု ၎င်းကပြောသည်။

✔️ မေ(၂၃)ရက်တွင် ပို့ကုန်ပဲများ အနည်းငယ်သာဈေးမြင့်တက်လာရာ ပို့ကုန်မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၀၅,၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၄၁၀,၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲတီစိမ်းရွှေဝါ တစ်အိတ်လျှင် ငွေကျပ် ၂၁၄,၀၀၀၊ အညာတစ်အိတ်လျှင် ငွေကျပ် ၁၈၀,၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက်လာသည်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ဆက်လက်ဈေးပြန်မြင့်တက်လာရာ မေ(၂၃) ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၄၇,၀၀၀၊ ကုလားပဲV7 တစ်အိတ်လျှင် ငွေကျပ် ၂၅၇,၀၀၀၊ ထိုင်ဝမ်ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၂၉,၀၀၀၊ 929 ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၃၈,၀၀၀ အသီးသီး ဈေးမြင့်တက်လာသည်။

✔️ ပြည်တွင်းသုံးပဲမာလိုင်းများမှာ ဈေးတည်ငြိမ်နေတာကြောင့် အရောင်းအဝယ်ပုံမှန်သာရှိနေရာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၇၀,၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၄၁၅,၀၀၀၊ မြေထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၃၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ်၂၅၅,၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၀၀,၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံးဆံတစ်ပိဿာလျှင် ငွေကျပ် ၇,၂၀၀ ပေါက်ဈေးရှိနေသည်။

✔️ မေ(၂၃)ရက်တွင် နှမ်းမျိုးစုံအနည်းငယ်ဆက်လက် မြင့်တက်လာရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၂၀,၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၂၀,၀၀၀၊ နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေကျပ်၄၁၀,၀၀၀ အသီးသီး ပေါက်ဈေးရှိနေကြောင်းသိရသည်။ 

✔️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (မကွေးဂျာနယ်)