menu

မတ်ပဲဈေးကွက် သုံးသပ်ချက်


ဧရာမတ်ပဲစျေး နှင့် ပြည်ပဝယ်လိုအား .....

🌿🌿🌿🌿🌿🌿🌿🌿🌿🌿

⏭ယခင်သီတင်းပတ်အတွင်း ဧရာဝတီတိုင်းဒေသကြီး၏ မတ်ပဲစျေးနှုန်းများ အတက်ဘက်တွင်ရှိနေကာ ယခုသီတင်းပတ်တွင်လဲ စျေးဆက်လက်မြင့်တက်နေဆဲဖြစ်သည်။ ယခင်သီတင်းပတ်တွင် မတ်ပဲ တစ်တင်းလျှင် ကျပ် ၄၀,၀၀၀ ခန့်ရှိခဲ့ရာမှ ယခုအခါ မတ်ပဲစျေးဆက်တက်လာခဲ့ရာ ဩဂုတ်လ ၆ရက်နေ့တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၄၀,၄၀၀၊ ၇ ရက်နေ့တွင် ကျပ် ၄၀,၅၀၀၊ ၈ ရက်နေ့တွင် ကျပ် ၄၁,၀၀၀၊ ၉ ရက်နေ့တွင် ကျပ် ၄၁,၇၀၀၊ နှင့် ၁၀ ရက်နေ့တွင် ကျပ် ၄၂,၆၀၀ အသီးသီးဖြစ်ပါသည်။

⏭ပြည်ပဝယ်လိုအားလည်းအထိုက်အလျောက်အားကောင်းနေပြီး တောင်သူလက်ထဲတွင် ပဲလက်ကျန်နည်းပါးသွားချိန်တွင် ဖြစ်လေ့ရှိသည့်အလျောက် မတ်ပဲစျေးနှုန်းမြင့်တက်လာကာ မတ်ပဲအဓိကဝယ်ယူနေသော အိန္ဒိယနိုင်ငံ၏ ပြည်တွင်းပဲလက်ကျန်အခြေအနေ၊ စိုက်ပျိုးထုတ်လုပ်မှုနှင့် အစိုးရ၏ပဲမျိုးစုံအပေါ်ချမှတ်သည့် မူဝါဒ၊ မိုးစိုက်ဧရိယာအခြေအနေ စသည့်အချက်များအပေါ်မူတည်၍ မတ်ပဲစျေးအတက်အကျဖြစ်ပေါ်လျှက်ရှိသည်။ ဩဂုတ်လအတွင်း အိန္ဒိယနိုင်ငံသို့ မြန်မာမတ်ပဲ ကွန်တိန်နာ အလုံးရေ ၁၀၀၀ ဝန်းကျင်အဝင်ရှိမည်ဟု ခန့်မှန်းထားသည်။

⏭အိန္ဒိယနိုင်ငံသည် မြန်မာမတ်ပဲကိုအဓိကဝယ်ယူတင်သွင်းသူဖြစ်ပြီး ဇူလိုင်လနှောင်းပိုင်းအထိ အိန္ဒိယပြည်နယ် အများအပြားတွင် မိုးနည်းလျှက်ရှိကာ ပဲစိုက်ဧရိယာလျော့နည်းခဲ့ကြောင်းသိရသည်။ ယခု ဩဂုတ်လဆန်းပိုင်းတွင် အချို့ပြည်နယ်များတွင် မိုးရေရရှိမှု အားကောင်းလာသော်လည်း မိုးများပြီးစိုက်ဧကများရေကြီးနစ်မြုပ်မှုကြုံတွေ့ရကာ အချို့ဒေသများတွင်လည်း ယခင်အတိုင်း မိုးရေရရှိမှုနည်းပါးလျှက်ရှိသေးကြောင်း Agri World Mumbai ကဆိုသည်။

⏭အိန္ဒိယနိုင်ငံ၏ ပဲစိုက်ဧရိယာလျော့ကျနေမှု ၊ ရာသီဥတုအခြေအနေများအရ မြန်မာမတ်ပဲစိုက် တောင်သူများအတွက် လာမည့် မတ်ပဲရာသီတွင် စျေးကောင်းရရှိမည့်အခွင့်အရေးဟု တွေးဆနိုင်ဖွယ် ရှိသည်။ သို့သော်လည်း မတ်ပဲသည် အိန္ဒိယနိုင်ငံ၏ အဓိကစားသုံးသီးနှံတစ်ခုဖြစ်သည့်အလျောက် မြန်မာမတ်ပဲကိုအဓိကဝယ်ယူရာတွင် ဝယ်သူစျေးကွက်အနေအထားဖြင့် တင်ပို့ရောင်းချနေရပြီး အိန္ဒိယအစိုးရသည်လည်း ၎င်းနိုင်ငံပြည်သူများ၏ သက်သာချောင်ချိရေးအတွက် ပဲတင်ပို့မှု တင်သွင်းမှုနှင့် အရောင်းအဝယ်အပေါ် မူဝါဒအသစ်များချမှတ်လုပ်ဆောင်လာနိုင်သဖြင့် မြန်မာမတ်ပဲစိုက်တောင်သူများအတွက် စိန်ခေါ်မှုများလည်းရှိနေနိုင်သေးကြောင်း ခန့်မှန်းရပါသည်။

⏭မတ်ပဲစိုက်တောင်သူဦးကြီးများ ဈေးကွက်သတင်းများ သိရှိနိုင်ပါရန် ဖော်ပြအပ်ပါသည်။

Credit to : ဧရာကုန်သွယ်မှုဗဟိုဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ 
10-8-2021