menu

မတ်ပဲတစ်တန်လျှင် ကျပ် ၄၀,၀၀၀ ခန့်ဈေးပြန်တက်လာ .....


********************************  

✔️အောက်တိုဘာလကဈေးကောင်းရရှိခဲ့သည့် မတ်ပဲမှာ နိုဝင်ဘာလတွင်တစ်တန်လျှင်ကျပ် ၁၀၀,၀၀၀ခန့် ဈေးကျဆင်းခဲ့ပြီး လက်ရှိတွင် ကျပ် ၄၀,၀၀၀ခန့်ဈေးပြန်လည်မြင့်တက်လာကြောင်း ရန်ကုန်မြို့ ဘုရင့်နောင် ကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

✔️နိုဝင်ဘာလပိုင်းတွင်အိန္ဒိယအစိုးရက မတ်ပဲဝယ်လိုအား မရှိသောကြောင့်ပြည်တွင်းပဲဈေးကွက်အတွင်း မတ်ပဲတစ်တန်လျှင် ကျပ်တစ်သိန်းကျော်အထိဈေးကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ နှင့် နှမ်းကုန်သည်များအသင်းမှလည်းပြောသည်။

✔️ဒီဇင်ဘာ(၁)ရက်က စတင်၍မတ်ပဲတစ်တန်လျှင် ကျပ် ၁,၀၄၀,၀၀၀ ကျော်ဖြစ်လာပြီး တစ်တန်လျှင်ကျပ် ၄၀,၀၀၀ ကျော်ပြန်လည်မြင့်တက်လာခဲ့သော်လည်း အောက်တိုဘာလကဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် ကျပ် ၁၀၀,၀၀၀ ကျော်ကျနေသေးသည်။ ပြည်တွင်းပဲဈေးကွက် အတက်အကျသည် ဝယ်လိုအားနှင့်ရောင်းလိုအားပေါ်မူတည်နေသည်။

✔️မတ်ပဲလက်ကျန်မှာ တန်ချိန်တစ်သိန်းအောက်ဝန်းကျင်ရှိပြီး ပဲစင်းငုံမှာလည်း တန်ချိန်သုံးသောင်းခန့်သာကျန်ရှိကြောင်း၊ မတ်ပဲကိုပြည်တွင်းပဲခွဲစက်များကသာ ဝယ်ယူနေပြီး ပြည်ပတင်ပို့မှုမရှိသေးသောကြောင့် ဈေးနှုန်းမြင့်တက်ခြင်းမရှိဘဲ အရောင်းအဝယ်လည်းအေးနေသေးကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ နှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။

✔️နိုဝင်ဘာလကုန်ပိုင်းအတွင်း မတ်ပဲ RC တစ်တန်လျှင် ကျပ် ၁,၀၀၄,၀၀၀၊ SQ-RC တစ်တန်လျှင် ကျပ် ၁,၁၅၀,၀၀၀ ကျော်နှင့် ပဲစင်းငုံ(နီ) RC တစ်တန်လျှင် ကျပ် ၇၉၇,၀၀၀ ကျော်ရှိရာက ဒီဇင်ဘာလဆန်း တွင် မတ်ပဲ RC တစ်တန်လျှင် ကျပ် ၁,၀၅၀,၀၀၀၊ SQ-RC တစ်တန်လျှင် ကျပ် ၁,၂၀၀,၀၀၀ ကျော်နှင့် ပဲစင်းငုံ(နီ) RC တစ်တန်လျှင် ကျပ်၈၃၀,၀၀၀ ပေါက်ဈေးဖြင့်အရောင်းအဝယ်ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။

✔️မတ်ပဲကို လစဉ်အိန္ဒိယကဝယ်ယူမှုပေါ်မူတည်၍ ရန်ကုန်ကုန်စည်ဒိုင်များကဈေးနှုန်းသတ်မှတ်ဝယ်ယူ သည့်အတွက် ဈေးနှုန်းမတည်ငြိမ်မှုများမကြာခဏဖြစ်ပေါ်လေ့ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံသည် ပြည်ပသို့မတ်ပဲတင်ပို့ရာတွင် အိန္ဒိယဈေးကွက်ကိုသာမှီခိုအားထား၍ တင်ပို့နေခြင်းဖြစ်ပြီးနှစ်စဉ်ပဲထွက် ရာသီချိန် ဖေဖော်ဝါရီ နှင့် မတ်လတို့တွင်ထွက်ရှိလာသောပဲများကို ယခင်နှစ်လက်ကျန်ပမာဏနှင့် ပေါင်း၍ တင်ပို့နေခြင်းဖြစ်သည်။  

✔️ပြည်တွင်းမတ်ပဲစိုက်ပျိုးမှုသည် ယခင်ကတစ်နှစ်လျှင် တန်ချိန်ခြောက်သိန်းကျော်ထွက်ရှိပြီး ယခု နောက်ပိုင်းတွင် တန်ချိန်လေးသိန်းဝန်းကျင်သာထွက်ရှိကြောင်း၊ ၂၀၁၇ခုနှစ်ကစ၍ အိန္ဒိယအစိုးရ၏ ပဲတင်သွင်းခွင့်မူဝါဒအပြောင်းအလဲကြောင့် ပြည်တွင်း၌မတ်ပဲစိုက်ပျိုးမှုကို လျှော့ပြီးပဲတီစိမ်းကို အစားထိုးစိုက်ပျိုးလာကြကြောင်းသိရသည်။  

Sources : The Farmer Myanmar