menu

နေပြည်တော်တွင် ဈေးကွက်ခိုင်မာသည့် သပြေစိုက်ပျိုးမှုများလာ


🍃🍂🍃🍂🍃🍂🍃🍂🍃🍂🍃

🔘နေပြည်တော်ရှိ တောင်သူများမှာ ဈေးကွက်ခိုင်မာပြီး ဈေးကောင်းရသည့် သပြေပင် စိုက်ပျိုးမှု များလာ ကြောင်း သိရသည်။ယခင်က ရာသီသီးနှံများဖြစ်ကြသည့် ပြောင်း၊ ခရမ်းချဉ်၊ ဗူးသီး၊ ကြက်သွန်၊ မတ်ပဲ၊ ငရုတ်နှင့် စပါးကိုအများအပြားစိုက်ပျိုးခဲ့ကြပြီး လက်ရှိတွင် စိုက်ပျိုးချိန်မှစ၍ ရောင်းပန်းဝင်သည်အထိ စိုက်ပျိုးချိန် တစ်နှစ်ခွဲမှ နှစ်နှစ်ထိ ထားရပြီး ဈေးကွက်ခိုင်မာမှုရှိသည့် သပြေကို စိုက်ပျိုးလာကြခြင်းဖြစ်သည်။

🔘"သပြေကဈေးကွက်ခိုင်မာတယ်။ အခုလောလောဆယ် ဈေးကွက်က ပုံမှန်ပါပဲ။ အများသူငါဝိုင်းပြီး အခင်းလိုက် သပြေခုတ်ပြီး ဈေးကွက်ထဲဝင်တဲ့အချိန်ဆိုရင် ပုံပြီးတော့ စုသွားရင်ညဈေးကွက်ပျက် ပါတယ်။ ကျနော်တို့လိုကိုယ်တိုင်လက်လီ ဈေးထဲထိုင်ရောင်းသူတွေတနိုင်တပိုင်ဖြတ်ရောင်းသူတွေ ကတော့ အဆင်ပြေပါတယ်" ဟု ပျဉ်းမနားမြို့နယ် ကံဦးဈေးတွင် သပြေပင်ငုတ်များရောင်းချနေသည့် သပြေစိုက်တောင်သူ ဦးမျိုးလင်းအောင်က ပြောပြသည်။ သပြေပင်ဈေးများမှာ တစ်ပင်လျှင် ကျပ် ၃၀၀မှ ၂,၀၀၀အထိ အပင်အကြီးအသေးနှင့် အရည်အသွေး ပေါ်မူတည်ကာ ဈေးရရှိကြောင်း ၎င်းကပြောသည်။

🔘တစ်ဧကလျှင် သပြေအပင်ရေ ၃၅,၀၀၀ ခန့် ဖြစ်ထွန်းအောင်မြင်ကြောင်း၊ တစ်ဧကကုန်ကျစရိတ်မှာ ရေသွင်းခ၊ အပင်အစာဖိုး၊ လုပ်သားခ အားလုံးစုစုပေါင်း ၃၅ သိန်းခန့်ရှိကြောင်း၊ သပြေအပင်ပေါက်စတွင် ပေါင်းမြက်ရှင်းခသည် တစ်ဧက ခုနှစ်သိန်းခန့်ကုန်ကျကြောင်း၊ အလုပ်သမားတစ်ဦးလျှင် တစ်ရက် ကျပ် ၅,၀၀၀ မှ ၆,၀၀၀ ပေးရကြောင်း၊ သပြေတစ်ရာသီတွင် တစ်ဧက ကျပ်သိန်း ၁၂၀ ခန့်အထိရရှိသဖြင့် အလုပ်သမားခအပါအဝင် ကုန်ကျစရိတ်များ နုတ်လိုက်လျှင် အမြတ်သိန်း ၇၀ ကျပ်ဝန်းကျင်ခန့် ကျန်သဖြင့် တွက်ခြေကိုက်သောကြောင့် စိုက်ပျိုးသူများပြားလာကြောင်း၊ ၎င်းက ပြောသည်။

🔘ပုဗ္ဗသီရိမြို့နယ်မှ သပြေစိုက်တောင်သူ ဦးမြင့်သိန်းကလည်း "သပြေက အခြားသီးနှံတွေလိုမဟုတ်ဘူး။ ခြောက်လလောက်ပဲ ဂရုစိုက်ရပြီး အဲ့နောက်ပိုင်းဆိုရင် လွှတ်ထားလို့ရပြီ။ ရေလေးသွင်းပေးရုံပဲ။ ရောင်းရရင်လဲ တစ်ပင်ကို ၂၅၀ ကျပ်ကနေ ၃၀၀ ကျပ်၊ တစ်ခါတလေ အပင်ကောင်းရင်ကောင်းသလို ၄၀၀ ကျပ်ထိဈေးရတယ်။ နှစ်နှစ်လောက် ရင်းထားလိုက်ရင် ဘဏ်မှာငွေစုတာထက် အများကြီးပိုရ တယ်။ အမြတ်အများကြီးကျန်တယ်။ ဒါကြောင့်အခုနောက်ပိုင်းတောင်သူတွေက အခြားသီးနှံတွေအစား သပြေငုတ်တွေကိုပဲ စိုက်ပျိုးတာများလာတယ်" ဟု ပြောသည်။

🔘ဝါဆိုလတွင်စတင်စိုက်ပျိုးကြပြီး ဘုရားပန်း ဖြစ်၍ ဈေးကွက်အမြဲရှိနေကာ နိုင်ငံတစ်ဝန်းသို့ တင်ပို့ ပေးနေရကြောင်း သပြေရောင်းချသူများကပြောသည်။

 မြင့်ဇော်ထွန်း (မြန်မာတောင်သူကြီးများဂျာနယ်)