menu

နဂါးမောက်သီးစိုက်ပျိုးသူများ ယခုနှစ်ဈေးကောင်းရနေ


🌿🍂🌿🍂🌿🍂🌿🍂🌿🍂🌿

➡️မန္တလေးတိုင်းဒေသကြီးတွင် နဂါးမောက်သီးများ လှိုင်လှိုင်ထွက်ပေါ်လာချိန် ဖြန့်ဖြူးမှုအားများသော်လည်း ဝယ်ယူအားလည်း ကောင်းမွန်နေသဖြင့် ဈေးကောင်းရရှိသဖြင့် စိုက်ပျိုးသူများအတွက် အခြေအနေကောင်းမွန်သည့်နှစ်ဖြစ်ကြောင်း သိရသည်။

➡️နဂါးမောက်သီးတစ်လုံးလျှင် ယခင်က ကျပ် ၅၀၀ရှိခဲ့ရာမှ ယခုကျပ် ၇၀၀ အထိ ရရှိနေကာ နယ်ပယ်ဒေသအသီးသီးမှ မကြာမီ ဆက်လက်ထွက်ရှိလာတော့မည်ဖြစ်သော်လည်း ဝယ်ယူမှုအား ကောင်းမွန်‌နေမှုကြောင့် ယခုနှစ်တွင် တောင်သူများအတွက် အဆင်ပြေ မည့်နှစ်ဖြစ်ကြောင်း မန္တလေးမြို့ရှိ သစ်သီးပွဲရုံပိုင်ရှင်တစ်ဦးဖြစ်သူ ဦးအောင်နိုင်သူက ပြောသည်။

➡️"အခုက ပြင်ဦးလွင်နဲ့ ပုပ္ပါးဒေသဘက်ပဲ ထွက်သေးတယ်။ တိုင်းဒေသကြီးအတွင်းက မြို့တွေနဲ့ ပုသိမ်၊ ရန်ကုန်ဘက်ကလည်း ဝယ်ယူမှုရှိတဲ့အတွက် စျေးနှုန်းကောင်းရရှိနေတာဖြစ်ပါတယ်။ ဇူလိုင်လဆန်းမှာဆိုရင် နယ်ပယ် ပေါင်းစုံကနေ နဂါးမောက်သီးတွေ ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ အခုအခြေအနေအရ စျေးကောင်းရမယ့်နှစ်လို့ပြောလို့ရပါတယ်" ဟု ၎င်းကပြောသည်။

➡️ယခုနှစ်တွင် မိုးရေရရှိမှုကြောင့် နဂါးမောက်ပင်များ ဖြစ်ထွန်းမှုအားကောင်းကာ ယခင်နှစ်များက တစ်ဧကပိဿာချိန် ၂,၆၀၀ ကျော်သာ ထွက်ရှိခဲ့ပြီး ယခုနှစ်တွင် ပိသာချိန် ၃,၀၀၀ကျော်အထိ ထွက်ရှိကြောင်း၊ အသီးအရည်အသွေးမှာလည်း ကောင်းမွန်သဖြင့် စျေးကွက်အတွင်း ရောင်းရလွယ်ကူမည်ဖြစ်ကြောင်း နဂါးမောက် စိုက်ပျိုးသူများကလည်း ပြောသည်။

➡️"ဒီနှစ် အသီးသီးဖို့ အပင်တွေ အားယူနေတဲ့အချိန်မှာ မိုးရေရလိုက်တဲ့အတွက် အသီးတွေဖြစ်ထွန်းမှုအား ကောင်းနေပါတယ်။ တစ်ဧကကို ပိဿာချိန် ၃,၀၀၀ အထက်ထွက်မယ့်အခြေအနေရှိတယ်" ဟု ပြင်ဦးလွင်မြို့ ရှိ နဂါးမောက်စိုက်ပျိုးသူ ဦးရဲလင်းကပြောသည်။

Sources : မျိုးသန့် (မြန်မာတောင်သူကြီးများဂျာနယ်)