menu

နှမ်းအထွက်နှုန်းလျော့ခဲ့သည့်အတွက် နှမ်းစျေးကောင်းနေ .....


🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿

↗️ပြည်တွင်း၌နှမ်းအထွက်နှုန်းလျော့ကျခဲ့သည့်အတွက် နှမ်းနက်စျေးကောင်းနေကြောင်း နှမ်းကုန်သည်များထံမှသိရသည်။

↗️ယခုနှစ် မိုးနှမ်းစိုက်ခြင်းကိုဇွန်လလယ်မှသာ စိုက်ပျိုးခဲ့သောကြောင့် နှမ်းစိုက်ပျိုးချိန်နောက်ကျခဲ့လို့ တချို့ နှမ်းစိုက်သည့်ဒေသများမှာ မိုးနောက်ကျသည့် အတွက် နှမ်းအစားပဲတီစိမ်း နှင့် ပဲစိမ်းငုံး တို့အားအစားထိုးပြန်စိုက်နေကြ၍ ယခုနှစ်တွင် အထွက်နှုန်းမှာလျော့ကျခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ယင်းအပြင် ဒေါ်လာစျေးမြင့်တက်နေခြင်း၊ လက်ရှိတရုတ်နယ်စပ်ဂိတ်များ ပိတ်ထားသော်လည်း တရုတ်နိုင်ငံသို့ပင်လယ်ရေကြောင်းမှတဆင့် ပုံမှန်တင်ပို့နေရခြင်းတို့ကြောင့် နှမ်းစျေးအမြင့်စျေး အတွင်းရှိနေခြင်းဖြစ်ကြောင်းသိရသည်။

↗️ပြည်တွင်းတွင်ပုံမှန်နှမ်းထွက်ရှိမှုနှုန်းမှာ တစ်နှစ်လျှင် တန်ချိန် ၆သိန်းမှ၈သိန်းထိ ထွက်လေ့ရှိပြီး ရာသီဥတုဖောက်ပြန်မှုကြောင့် နှမ်းသုံးချိုးတစ်ချိုးသာထွက်ရှိကြောင်း သိရသည်။ “တရုတ်ပြည် နယ်စပ်ကပိတ်တယ် ဒါပေမဲ့ ပင်လယ်ကသွားလို့ရတယ်။ ဂျပန်ကတော့ အဝယ်သိပ်မလိုက်သေးဘူး။ နှမ်းထွက်နှုန်းက ဒီနှစ်မှာ သုံးချိုးတချိုးသာထွက်တော့ အဝယ်လိုက်လာတဲ့သဘောပါ။ အဓိက က အက်စစ်အောင်တဲ့နှမ်းတွေအဝယ်လိုက်နေတယ် ။ စျေးကွက်အခြေအနေလဲသွက်နေတယ်” ဟု အောင်လံကုန်စည်ဒိုင်မှ ကုန်စည်ဒိုင်ဥက္ကဌ ဦးအောင်မိုး ကပြောသည်။

↗️ယခင် ကိုဗစ်ကြောင့် နှမ်းနက် ၄၅ ပိဿာဝင် တစ်အိတ်ကို ၁၅၅,၀၀၀ ပေါက်စျေးသာရှိခဲ့ရာမှ ယခုလျှင် အက်စစ်အောင်သည့် နှမ်း ၄၅ပိဿာ၀င်တစ်အိတ်ကို မန္တလေးတွင် ၂၃၀,၀၀၀၊ အောင်လံတွင် ၂၁၅,၀၀၀ ထိ မြင့်တက်နေကြောင်းသိရပြီး အချိန်နှင့်နေရာလိုက်၍ စျေးနှုန်းများပြောင်းလဲနိုင်ကြောင်းသိရသည်။ ဈေးကွက်အတွင်း နှမ်းဝယ်သူများအနေဖြင့် နှမ်းအတွင်းအက်စစ်ဓာတ်ပါဝင်မှုကို တိုင်းတာပြီးမှ ဝယ်ယူခြင်းများရှိကြောင်း သိရသည်။ 

↗️“စျေးကွက်မှာ အဓိကအရောင်းသွက်နေတာက အက်စစ်အောင်တဲ့နှမ်းတွေပါ။ နှမ်းကို အက်စစ်ပါ မပါစစ်ပြီးမှ အရောင်းဝယ်လုပ်ကြတယ်။ နှမ်းကိုစစ်လိုက်ရင် စိမ်းနေရင်အက်စစ်အောင်တယ်။ ဝါနေရင် အက်စစ်မအောင်ဘူး ။ ဝါနေရင်ဝယ်ရောင်းတွေမကြိုက်ကြဘူး။ ဒါကြောင့် အက်စစ်ဓာတ်ပါဝင်မှု မများအောင် နှမ်းကိုရိတ်သိမ်းချိန်နဲ့ နှမ်းခါတဲ့အချိန်တွေမှာ မိုးလွတ်အောင်ဆောင်ရွက်ရတယ်။ ရာသီဥတုဖောက်ပြန်လို့ မိုးမိပြီး နှမ်းအထွက်နှုန်းအပြင် နှမ်းအရည်အသွေးပိုင်းလည်း ထိခိုက်တာတွေလဲ ရှိတယ်။ အထွက်နှုန်းနည်းတော့ စျေးကောင်းတာပေါ့ ။ စျေးကွက်အရ ပစ္စည်းရှားတော့ စျေးတက်တဲ့ သဘောပါ” ဟု နှမ်းစိုက်တောင်သူတစ်ဦးကသုံးသပ်ပြောသည်။

↗️မြန်မာနိုင်ငံမှ မိုးနှမ်းများတွင် ရိတ်သိမ်းချိန် အစိုဓာတ်များသည့်အတွက် အက်စစ်ပါဝင်မှုမှာ တစ်ရာခိုင်နှုန်းမှ နှစ်ရာခိုင်နှုန်းအထိ ပါဝင်မှုများရှိကြောင်းသိရပြီး ယင်းကဲ့သို့ ပါဝင်မှုမရှိရန် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်းသုံးသပ်ကြသည်။ ထို့အပြင် နယ်စပ်ဂိတ်များပိတ်ထားသည့် အတွက် ပြည်ပသို့ ပင်လယ်ရေကြောင်းမှတင်ပို့နေရသောကြောင့်ကုန်ကျစရိတ်ပိုမိုများနေကြောင်း ကုန်သည်များကဆိုသည်။ 

↗️ယခင် နှမ်းဖြူမှာ ၄၅ပိဿာဝင်တစ်အိတ်လျှင် ၁၃၈,၀၀၀ ရှိခဲ့ရာမှ ၄၅ပိဿာဝင် တစ်အိတ်လျှင် ၁၆၀,၀၀၀ ထိ ရှိကြောင်း ကုန်သည်များထံမှသိရသည်။ မြန်မာ့နှမ်းကို တရုတ်နိုင်ငံ ၊ကိုရီးယား၊ဂျပန်၊ စင်ကာပူနှင့် ထိုင်၀မ်တို့ကိုလည်း တင်ပို့လေ့ရှိပြီး တရုတ်နိုင်ငံတစ်ခုတည်းသာအာထားတင်ပို့နေရ ကြောင်း ကျန်နိုင်ငံများသို့တင်ပို့ရန် အခက်ခဲများစွာရှိနေကြောင်းလည်း သိရသည်။ မြန်မာနိုင်ငံတွင် နှမ်းကို ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများအပြားစိုက်ပျိုးလျှက်ရှိပြီး မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်မှထွက်ရှိသည့် နှမ်းနက်သည်အရည်အသွေးအလွန်ကောင်းမွန်သဖြင့် ဂျပန်နိုင်ငံမှ အလွန်နှစ်သက်ကြောင်းလည်း လေ့လာတွေ့ရှိရသည်။

↗️သီးနှံဈေးကွက်သတင်းများကို တောင်သူများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Credit to : Market News (AMIA)