menu

နှမ်းမျိုးစုံ ဈေးကွက်သို့လှိုင်လှိုင်ဝင်ချိန် ဈေးနှုန်းအကျဘက် ဦးတည်နေ


*************************************

🔘ဈေးကွက်အတွင်းသို့ နှမ်းမျိုးစုံ လှိုင်လှိုင်ဝင်ရောက်နေချိန်တွင် ကိုဗစ်ကပ်ရောဂါကြောင့် ဈေးကွက်နှောင့်နှေး ကြန့်ကြာမှုမရှိပဲ ဝယ်လိုအား ရှိနေသော်လည်း ဈေးနှုန်းကအကျဈေးဘက်သာ ရှိနေသေးကြောင်း နှမ်းကုန်သည်များ ထံမှသိရသည်။

🔘နှမ်းဈေးကွက်အတွင်း ဇူလိုင်လ (ယခင်အပတ်)က စမုံနက် (၄၅ပိဿာ) တစ်အိတ်လျှင် ၁၁၅,၀၀၀ ရှိရာမှ ယခု တစ်ပတ်အတွင်း ကျပ် ၁၁၀,၀၀၀ သို့လည်းကောင်း၊ နှမ်းပြာသန့် (၄၅ပိဿာ)တစ်အိတ်လျှင် ကျပ် ၁၀၂,၀၀၀ မှ ယခုအပတ်တွင် တစ်အိတ်လျှင် ၁၀၀,၀၀၀သို့လည်းကောင်း၊ နှမ်းဖြူ (၄၅ပိဿာ) တစ်အိတ်လျှင် ယခင်အပတ်က ကျပ် ၁၀၃,၀၀၀ ရှိရာမှ ယခုအပတ်တွင် ၁၀၀,၀၀၀ သို့လည်းကောင်း၊ နှမ်းနီ (၄၅ပိဿာ) တစ်အိတ်လျှင် ကျပ် ၁၀၀,၀၀၀ခန့် ရှိရာမှ ၉၉,၀၀၀ ခန့် ဈေးအသီးသီးကျဆင်း လာနေကြောင်းသိရသည်။

🔘ထိုသို့ ဖြစ်လာရခြင်းမှာ တရုတ်ကအများဆုံးဝယ်ယူနေရာမှ ကိုဗစ်ကန့်သတ်ချက်များကြောင့် မဝယ်ယူ သေးပဲပြည်တွင်း၌သာ သိုလှောင်ထားရခြင်း၊ ပြည်တွင်းဆီစက်လုပ်ငန်းများ ယာယီရပ်နားထားကြခြင်း နှင့် နှမ်းအရည်အသွေးကန့်သတ်ချက်များကြောင့်ဟုသိရသည်။

🔘“ဒီနှစ်ပေါ်တဲ့ နှမ်းအဆံတချို့က အရည်အသွေးပိုင်းအားနည်းနေတယ်။ အစေ့အဆံ မအောင်မြင်တော့ ပိဿာမလိုက်တာကြောင့်လည်း အရည်အသွေး မကောင်းရင်မကောင်းသလို အနိမ့်ဈေးနဲ့ ဈေးဖြတ်တယ်။ ပြည်ပလည်း ထွက်လို့မရသေးချိန်မှာဝယ်ထားသမျှ သောင်တင်နေကြတော့ ဂိုဒေါင်က မရှင်းနိုင်ဘူး ဖြစ်တော့ငွေမပေါ်ဘူးပေါ့။ ဒါကြောင့် မနှစ်ကနှမ်းအဟောင်းကိုတောင် မဝယ်နိုင်ကြတော့ ဘူး” ဟု နေပြည်တော်ရှိ ကုန်သည်အဖွဲ့ဝင် ဦးသန်းဇော်က ပြောသည်။

🔘လက်ရှိနှမ်းရောင်စုံ အများဆုံး ထွက်ရှိနေသည့် မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီး တို့ဖြစ်ပြီး နေရာဒေသအလိုက်ဈေးနှုန်းအနည်းငယ်ကွဲလွဲသော်လည်း ဈေးတက်ပေးဝယ်ရန် အလားအလာ မရှိသေးကြောင်း ကုန်သည်များကသုံးသပ်ကြသည်။

🔘“နှမ်းအဟောင်းကိုတော့ ပြည်တွင်းဆီကြိတ် လုပ်ငန်းကပဲအဓိကဝယ်ယူတယ်။ နှမ်းအမျိုးအစား အ လိုက် ၄၅ပိဿာကို ကျပ် ၆၀,၀၀၀ နဲ့ ၇၀,၀၀၀ လောက်ပဲဈေးပေးကြတယ်။ မကွေးဘက်က ထွက်တဲ့နှမ်းဖြူကိုတော့ ဆီကြိတ်ဖို့ ဝယ်လိုအားကောင်းနေတယ်။ နှမ်းဈေးက ထပ်မံတက်ဖို့ မရှိသေးသလို ဒီထက်မကျသွားအောင် ကုန်သည်တွေက ထိန်းကြောင်းဝယ်ယူပေးနေတယ်။ ဈေးကွက်ထဲလေ့လာရသလောက်တော့ ဒီနှစ်နှမ်းအထွက်နှုန်း တအားကောင်းနေတယ်။ ဒီကာလ သယ်ယူပို့ဆောင်ရေးမလွယ်ကူလို့ ဈေးတက်လာမယ့်အချိန်ကိုတော့ သီးနှံစောင့်နိုင်ရင်တော့ ဈေးရမှာပါ”ဟု မန္တလေးရှိ ဇလပ်ပွဲရုံပိုင်ရှင် ဦးကျော်ဦးက ပြောသည်။

🔘တောင်သူများက ရာသီဥတုအပေါ်လိုက်၍ နှမ်းများရိတ်သိမ်းကြရ၍ နှမ်းကိုခြောက်သွေ့ချိန်အထိ ထားရန်လိုအပ်ခြင်း၊ ဖုန်သဲ ခဲ ကင်းစင်းစေရန်ဂရုပြုဆောင်ရွက်လိုအပ်ကြောင်းသိရသည်။ နေပြည်တော်ရှိ တောင်သူကွန်ရက်ဝင် တောင်သူဦးလွင်ဦးက “နှမ်းဈေးမကောင်းတာ ပြဿနာ မဟုတ်ပေမယ့် ဝယ်မယ့်သူများများမရှိတာကပြဿနာပါ။ ငွေပေးငွေယူ အခက်အခဲတွေကြောင့် မဝယ်နိုင်ကြဘူးဆိုပေမယ့် ဈေးကိုတော့တအားမချသင့်ဘူး။ နှမ်းတစ်ဧက စိုက်ပျိုးချိန်ကနေ ရိတ်သိမ်းတဲ့အထိ ကုန်ကျစရိတ်များတာကြောင့် ၄၅ပိဿာ တစ်အိတ်ကို ကျပ်တစ်သိန်း နှစ်သောင်းနဲ့ အထက်ရှိနေမှ အဆင်ပြေမယ်”ဟု ပြောသည်။

🔘မြန်မာ့နှမ်းကို တရုတ်၊ ဂျပန်စသည့်နိုင်ငံများက အဓိကထားဝယ်ယူကြပြီး ယခင်ဘဏ္ဍာနှစ်က နှမ်းတန်ချိန်တစ်သိန်းကျော်တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။ နှမ်းသီးနှံသည် ပြည်တွင်း၊ပြည်ပဝယ်လိုအား ရှိသည့်သီးနှံတစ်ခုဖြစ်ပြီး စိုက်ပျိုးသည်မှထုတ်လုပ်သည်အထိ စနစ်တကျဆောင်ရွက်ရ၍ ဈေးကျဆင်း လာပါက ထုတ်လုပ်မှုကုန်ကျစရိတ်မကာမိမည်ကိုတောင်သူများကစိုးရိမ်လျှက်ရှိနေသည်။

Sources : ဇာလင်းသူ(AMIA)