menu

နှမ်းပေါ်ချိန် နှမ်း နှင့်ပဲမျိုးစုံဈေးနှုန်း အခြေအနေ.....

 
🌿🌱🍃🌿🌱🍃🌿🌱🍃🌿🌱🍃🌿  

✔️မန္တလေးဈေးကွက်အတွင်း အဓိကရောင်းဝယ်နေသော နှမ်းနှင့် ပဲတီစိမ်းတို့မှာ ပေါ်ချိန်ဖြစ်သဖြင့် အဝင်များနေပြီး ဈေးအကျဘက်သို့ရောက်နေကာ အခြားပဲမျိုးစုံမှာ အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်း မန္တလေး ပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းက သိရသည်။  

✔️နှမ်း✔️  

အသစ်ပေါ်ချိန်ဖြစ်သောကြောင့် နယ်ပေါင်းစုံထွက် နှမ်းများမန္တလေးဈေးကွက်အတွင်းသို့ ဝင်ရောက် နေသည်။ ပြီးခဲ့သည့်နှစ်က စမုန်နှမ်းနက် ဈေးနှုန်းကောင်းခဲ့ခြင်းကြောင့် ယခုနှစ်တွင် ဧကတိုးချဲ့ စိုက်ပျိုးထားကြသည်။ ထို့ကြောင့် ဈေးကွက်အတွင်း လိုအပ်ချက်ထက် ပိုမိုထွက်ရှိလာသဖြင့် ဈေးနှုန်း အကျဘက်သို့ ဦးတည်နေသည်။ ဇန်နဝါရီ ၁ ရက်တွင် စမုန်နှမ်းနက် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၈၀,၀၀၀ ရှိခဲ့ရာမှ ဇန်နဝါရီ ၈ ရက်တွင် ကျပ် ၁၇၈,၀၀၀သို့ ကျဆင်းလာသည်။ စမုန်နှမ်းနက်ဈေး ကျဆင်းလာသော်လည်း နှမ်းဖြူနှင့်နှမ်းညိုတို့မှာ စိုက်ပျိုးမှုပမာဏ နည်းပါးခြင်းနှင့် ပြည်တွင်း၊ ပြည်ပ အသုံးပြုမှုရှိနေခြင်းတို့ကြောင့် ဈေးနှုန်းအနည်းငယ်မာနေသေးသည်။ ဇန်နဝါရီ ၈ ရက်တွင် နှမ်းဖြူ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၂၇,၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ကျပ် ၁၀၂,၀၀၀ ရှိသည်။  

✔️ပဲစင်းငုံ✔️  

ပြည်ပတင်ပို့ရန် ရန်ကုန်မြို့ရှိ ဝယ်လက်အချို့ ဝယ်ယူမှုရှိနေခြင်းကြောင့်အရောင်းအဝယ်ပုံမှန် ဖြစ်နေ သည်။ သိုလှောင်သူများကလည်း ဝယ်ယူနေကြသည်။ သို့သော် ဝယ်လိုအားနှင့် ရောင်းလိုအား မျှတ နေသဖြင့် ဈေးနှုန်းမြင့်တက်ခြင်းမရှိပေ။ ဇန်နဝါရီ ၈ရက်တွင် ပဲစင်းငုံအဟောင်းသုံးတင်းဝင် တစ်အိတ် လျှင် ကျပ် ၆၄,၀၀၀၊ ပဲစင်းငုံအသစ်တစ်အိတ်လျှင် ကျပ် ၇၀,၀၀၀ ရှိကြောင်းသိရသည်။  

✔️မတ်ပဲ✔️  

သင်္ဘောတင်ရန် ဝယ်ယူမှုများရှိလာသဖြင့် အရောင်းအဝယ်ဖြစ်လာသည်။ သို့သော်ဝယ်ယူမည့်ပမာဏကို မသိရသေးသဖြင့်ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်သာသွက်နေသည်။ ဇန်နဝါရီ ၈ ရက်တွင် မတ်ပဲ (လုံးကြီး) သုံးတင်းဝင်တစ်အိတ်လျှင်ကျပ် ၉၅,၀၀၀၊ မတ်ပဲ(လုံးသေး) တစ်အိတ်လျှင် ကျပ် ၉၂,၀၀၀ရှိသည်။  

✔️ကုလားပဲ✔️  

ပြည်တွင်းပဲခွဲစက်လုပ်ငန်းရှင်များကသာ ဝယ်ယူမှုရှိသော်လည်းအရောင်းအဝယ် မှန်မှန်ရှိနေသဖြင့် ဈေးနှုန်းပြောင်းလဲမှုမရှိဘဲငြိမ်နေသည်။ ဇန်နဝါရီ ၈ ရက်တွင် ကုလားပဲ(ထိုင်ဝမ်) သုံးတင်းဝင်တစ်အိတ် လျှင် ကျပ် ၇၈,၀၀၀၊ ကုလားပဲ (နိုင်းတူးနိုင်း) တစ်အိတ်လျှင် ကျပ် ၈၁,၀၀၀၊ ကုလားပဲ(ဗွီဆဲဗင်း) တစ်အိတ်လျှင် ကျပ် ၈၇,၀၀၀ ရှိသည်။  

✔️ပဲတီစိမ်း✔️  

တရုတ်နိုင်ငံက ဝယ်ယူမှုရှိသော်လည်း ဈေးကွက်အတွင်းနယ်ပေါင်းစုံက အသစ်များဝင်ရောက်မှု ရှိနေ ခြင်းကြောင့်ဈေးနှုန်းအကျဘက်သို့ ဦးတည်နေသည်။ သို့သော် ကုန်သည်များကလည်း အကျ ဈေးဖြင့် မရောင်းချလိုသောကြောင့် ယခင်သီတင်းပတ် ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲတန့်နေသည်။ ဇန်နဝါရီ ၈ ရက်တွင်ပဲတီစိမ်းရွှေဝါ (ထိပ်စ) သုံးတင်းဝင်တစ်အိတ်လျှင်ကျပ် ၁၂၇,၀၀၀ မှကျပ် ၁၂၈,၀၀၀ ကြား၊ ပဲတီစိမ်း(ရိုးရိုး) တစ်အိတ်လျှင် ကျပ်၁၂၀,၀၀၀ မှ ကျပ် ၁၂၄,၀၀၀ ကြားရှိသည်။  

✔️စားတော်ပဲ✔️  

ယွမ်ငွေဈေးမြင့်တက်နေခြင်းကြောင့် တရုတ်နိုင်ငံထံမှ တင်သွင်းနေသည့် စားတော်ပဲဈေးနှုန်း မြင့်တက် လာသည်။ ဇန်နဝါရီ ၁ ရက်တွင် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၇၀,၀၀၀ ရှိရာမှ ဇန်နဝါရီ ၈ ရက်တွင် ကျပ် ၇၁၅,၀၀ မှ ၇၂,၀၀၀ ကြားသို့မြင့်တက်လာသည်။  

မျိုးသန့် (မြန်မာတောင်သူကြီးများဂျာနယ်)  

၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၁-၁၇)ရက်။