menu

“ခန့်မှန်းရန် ခက်ခဲနေသည့် ဖရဲ၊ သခွားဈေးကွက်”


🍉🍈🍉🍈🍉🍈🍉🍈🍉🍈🍉

⏩လာမည့်သုံးလအတွင်း ဖရဲ၊ သခွားတင်ပို့ရာသီရောက်ရှိလာမည်ဖြစ်သော်လည်း ယခင်နှစ် အခြေအနေများအရ ဈေးကွက်ခန့်မှန်းရန်ခက်ခဲသည့် အနေအထားရှိနေကြောင်း ကုန်သည်အချို့က ပြောကြားသည်။

⏩တရုတ်နိုင်ငံသို့ အဓိကတင်ပို့သော ဖရဲ၊ သခွားများအား လက်ရှိတွင် စိုက်ပျိုးပြင်ဆင်နေကြပြီး အောက်တိုဘာလတွင် လှိုင်လှိုင်ထွက်ရှိလာမည်ဖြစ်သည်။ ယခင်နှစ်က ကုန်သွယ်မှုလမ်းကြောင်း အဆင်မပြေမှုများရှိခဲ့သဖြင့် တင်ပို့မှုကျဆင်းခဲ့ရာ ယခုနှစ်တွင်လည်း တရုတ်နှင့်မြန်မာ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်မှုဆိုင်ရာဖြစ်ပေါ်လာနိုင်မည့် အခြေအနေများနှင့် မူဝါဒဆိုင်ရာ အပြောင်းအလဲ အချို့ကြောင့် လာမည့်သစ်သီးရာသီ ကုန်သွယ်မှုအခြေအနေကို ကြိုတင်ခန့်မှန်းရန် ခက်ခဲနေခြင်း ဖြစ်သည်။

⏩“လက်ရှိမှာတော့ မိုးရာသီစိုက်တဲ့ ဖရဲသီးထွက်တာနည်းနည်းပါးပါးရှိတော့ တရုတ်ဘက်ပို့တာရှိပေမယ့် တစ်ရက် ကားတစ်စီးလောက်ပဲရှိတယ်။ သစ်သီးရာသီချိန်မဟုတ်တော့ သစ်သီးဝလံနဲ့ ပတ်သက်တဲ့ ကုန်သွယ်မှုမရှိသလောက်ပဲ။ လာမယ့် စက်တင်ဘာလကုန်လောက်မှာ သစ်သီးရာသီစမှာပါ” ဟု ခွာညိုသစ်သီးပွဲရုံပိုင်ရှင် စိုင်းခင်မောင်က ပြောသည်။

⏩“ပြည်ပကုန်သွယ်ရေးမှာ ကုန်သွယ်မှုငွေကြေးမူဝါဒနဲ့လည်း သက်ဆိုင်သလို နယ်စပ်ကုန်သွယ်ရေး ဂိတ်ကျော်မှု အခြေအနေပေါ်လည်းမူတည်ပါတယ်။ ဆိုလိုတာက မြန်မာဘက်က ပြောင်းလဲလိုက်တဲ့ ငွေကြေးနဲ့ မူဝါဒတွေက ပြည်ပကုန်သွယ်မှုအပေါ်သက်ရောက်မှုရှိတော့ လာမယ့်သီးနှံရာသီ ကုန်သွယ်ရေးမှာ ကြိုတင်ခန့်မှန်းလို့ မရဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

⏩တရုတ်နိုင်ငံသို့ ဖရဲ၊ သခွားနှင့် သစ်သီးဝလံများတင်ပို့မှုတွင် ပြီးခဲ့သည့်နှစ်က တန်ချိန် ၆ သိန်းကျော် ရှိခဲ့ပြီး ပုံမှန်ကုန်သွယ်မှုပမာဏထက်ကျဆင်းခဲ့သည်။ လက်ရှိအခြေအနေတွင် တရုတ်ဘက်မှ ကိုဗစ်ရောဂါကာကွယ်တားဆီးရေးကို အရှိန်မြှင့်ဆောင်ရွက်နေသော်လည်း ကုန်သွယ်ရေး လုပ်ငန်းစဉ်များတွင် ဖြေလျှော့မှုများပေးထားကြောင်းသိရသည်။

⏩သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း