menu

နွေနှမ်းများစတင်ရိတ်သိမ်းလျက်ရှိပြီး ယခုနှစ် အထွက်နှုန်းကောင်း၊ စျေးကောင်းရနေ


🌱🌱🌱🌱🌱🌱🌱🌱🌱🌱

➡️ မန္တလေးတိုင်းဒေသကြီးအတွင်း ဆည်ရေသောက်ဒေသများတွင်စိုက်ပျိုးသည့် နွေနှမ်းများစတင် ရိတ်သိမ်းလျက်ရှိရာ ယခုနှစ် အထွက်နှုန်းကောင်းကြောင်း နှမ်းစိုက်တောင်သူများထံက သိရသည်။ ပြီးခဲ့သည့် နွေစပါးစိုက်ပျိုးချိန်တွင် ဆည်ရေသောက်ဒေသများတွင် နွေစပါးအစား နှမ်းစိုက်ပျိုးကြသလို မိုးရွာသွန်းမှုကိုစောင့်ကာစိုက်ပျိုးသည့် ကုန်းစိုက်များတွင်လည်း နှမ်းအကြိုက် မိုးရွာသွန်းမှုရှိခဲ့သောကြောင့် ပုံမှန်အထွက်နှုန်းကိုရရှိကြောင်း လက်ရှိအချိန်တွင် နှမ်းရိတ်သိမ်းနေချိန်ဖြစ်ကြောင်း၊ နှမ်းရိတ်လုပ်သားခေါ်ယူရခက်ခဲနေပြီး တစ်နေ့ကုန် နှမ်းရိတ်၊ နှမ်းထောင် လုပ်အားခငွေကျပ် ၁၅,၀၀၀ ထိ ပေး၍ခေါ်ရကြောင်း အမရပူမြို့နယ်သာလှအေးကျေးရွာမှ နှမ်းစိုက်တောင်သူ ကိုရဲ က ပြောသည်။ 

➡️ "နွေစပါးစိုက်ပျိုးချိန်က ရေမသေချာမှာစိုးလို့ နှမ်းပြောင်းစိုက်ပါတယ်။ ဂျပန်နှမ်းဖြူရော၊ ဗမာနှမ်းဖြူရော စိုက်ပါတယ်။ မတ်လ(၁၅)ရက်နောက်ပိုင်း ရေရတာနဲ့စိုက်ပျိုးခဲ့တာ လက်ရှိရိတ်သိမ်းနေတုန်းပါ။ အလုပ်သမားခတွေက စရိတ်တုန်းက တစ်ရက်နေကုန်လုပ်သားခငွေကျပ် ၁၂,၀၀၀ ပေးရပေမယ့် အခု တစ်ရက်လုပ်သားခ ငွေကျပ် ၁၅,၀၀၀ ပေးခေါ်ရပါတယ်။ ဒီနွေနှမ်းတွေကိုတော့ စျေးကောင်းရမယ့် အချိန်ကိုစောင့်ရောင်းမှာပါ။ တစ်လလောက် သိမ်းထားပြီးမှ ရောင်းမှာပါ" ဟု ၄င်းကပြောသည်။ 

➡️ နွေစပါးစိုက်ပျိုးချိန် မတ်(၁၅)ရက်မှစတင်ပြီး ဆည်တော်ကြီး ဆည်ရေသောက်ဒေသများမှ ကျေးရွာ အများစုမှာ နွေစပါးအစား စျေးကောင်းရရှိသည့် နွေနှမ်းကိုအများဆုံးစိုက်ပျိုးကြရာ ဂျပန်နှမ်းဖြူ၊ နှမ်းဖြူ ဗမာ၊ နှမ်းနက်များကို အများဆုံးစိုက်ပျိုးကြသည်။ ယခုနှစ် နှမ်းစိုက်ပျိုးချိန်မှန်သည့်တောင်သူများ ပုံမှန် တစ်ဧက ၁၀ တင်းကျော်ထွက်ရှိရာ ယခုနှစ်ပိုမိုထွက်ရှိ​ကြောင်း နှမ်းစိုက်တောင်သူများကပြောသည်။ မန္တလေးနှမ်းစျေးကွက်တွင် နှမ်းနက်မှာ ပို့ကုန်အတွက် ဝယ်လိုအားကောင်းစျေးမြင့်တက်နေသလို အသစ်ထွက်လာမည့် နွေနှမ်းများလည်း စျေးကောင်းရရှိနေကြောင်း လက်ရှိမှာစျေးအနည်းငယ်ကျဆင်းသွားရာကနေ ပုံမှန်စျေးတန်းကိုပြန်လည်ရောက်ရှိ၍ အရောင်းအဝယ်ကောင်းနေကြောင်း နှမ်းကုန်သည်တစ်ဦးကပြောသည်။ 

➡️ "နှမ်းစျေးက ကောင်းလာတယ်ဆိုတာက ပို့ကုန်အဝယ်ရှိလာတော့ နှမ်းနက်စျေးကတော့ ကောင်းနေတာပါ။ နှမ်းဖြူဗမာ၊ ဂျပန်နှမ်းဖြူတွေကတော့ စျေးအကောင်းကြီးမဟုတ်သေးသလို စျေးကွက်ထဲလည်း အများကြီးမဝင်သေးပါဘူး" ဟု ၄င်းကပြောသည်။

➡️ ဇွန် (၂၀)ရက် မန္တလေးကုန်စည်ဒိုင်ပေါက်စျေးများမှာ နှမ်းနက် (စမုံ) - ၄၅ ပိဿာ (သစ်)တစ်အိတ်လျှင် ငွေကျပ် ၇၅၀,၀၀၀ - ၈၁၀,၀၀၀၊ နှမ်းဖြူ (ဂျပန်) - ၄၅ ပိဿာ - တစ်အိတ်လျှင်ငွေကျပ် ၃၉၀,၀၀၀ - ၄၀၀,၀၀၀ နှမ်းဖြူ (ဗမာ) - ၄၅ ပိဿာ တစ်အိတ်လျှင်ငွေကျပ် ၃၂၀,၀၀၀ - ၃၅၀,၀၀၀၊ နှမ်းညို - ၄၅ ပိဿာ - (သစ်)တစ်အိတ်လျှင်ငွေကျပ် ၃၂၀,၀၀၀ - ၃၂၅,၀၀၀ အသီးသီးပေါက်စျေးရှိနေကြောင်း သိရသည်။

➡️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (မကွေးဂျာနယ်)