menu

ပဲ၊ နှမ်းစျေးကွက် ပုံမှန်စျေးတန်းသို့ ပြန်လည်ရောက်ရှိလာ


🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘

↗️ ပြည်တွင်းဘဏ်များ၏ ငွေထုတ်ပေးမှု ဖြေလျော့မှုများ​ကြောင့်ပဲ၊နှမ်းစျေးကွက် ပုံမှန်စျေးတန်းသို့ ပြန်လည်ရောက်ရှိလာကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရသည်။

↗️ ပြည်တွင်းဘဏ်များ၏ ငွေထုတ်ယူသည့်အကောင့်တစ်ခုလျှင် ငွေကျပ်သိန်းနှစ်ရာထိတိုးမြင့်ထုတ်ပေးလာရာ စျေးကွက်ကျဆင်းနေသည့် ပဲနှမ်းစျေးကွက် အရောင်းအဝယ်ပုံမှန်ဖြစ်လာသည်။ သို့သော်လည်း ပမာဏများများငွေပေးချေမှု အဆင်မပြေသေးတာကြောင့် လက်ရှိ ပဲ၊နှမ်းစျေးကွက်မှာ လိုရောင်းလိုဝယ်လောက်သာ အရောင်းအဝယ်ရှိနေခြင်းဖြစ်သည်။ မြေပဲဆံနှင့် နှမ်းမျိုးစုံစျေးကွက်မှာ ဆက်လက်စျေးကောင်းနေပြီး ယခင်သီတင်းပတ်ထက် စျေးကွက်ပေါက်စျေးမြင့်တက်နေဆဲဖြစ်သည်။

↗️ ပြည်တွင်းဘဏ်များ၏ ငွေလွှဲပမာဏဖြေလျော့မှုများကြောင့် စျေးကွက်ကျဆင်းနေသည့် ပဲမျိုးစုံ စျေးကွက်မှာပြန်လည်မြင့်တက်ကြောင်း သို့သော်လည်း ပမာဏများများငွေပေးချေရသည့် ပို့ကုန် မတ်ပဲနှင့် ပဲစင်းငုံမှာ အရောင်းအဝယ်အေးသေးကြောင်း၊ ယခင်သီတင်းပတ်က စျေးကျဆင်းနေသည့် ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ပုံမှန်စျေးတန်းသို့ပြန်လည်မြင့်တက်လာသော်လည်း လိုရောင်းလိုဝယ်သာ အရောင်းအဝယ်ရှိကြောင်း ဆီထွက်သီးနှံအုပ်စုဖြစ်သည့် မြေပဲဆံ၊ နှမ်းမျိုးစုံနှင့် ပဲပုပ် မှာ အရောင်းအဝယ် အကောင်းဆုံးဖြစ်နေကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

↗️ "ပြည်တွင်းဘဏ်များ၏ ငွေလွှဲပမာဏဖြေလျော့မှုနဲ့အတူ ပြည်တွင်းကုလားပဲစျေးကွက် ပြန်လည်ကောင်းမွန်လာတာဖြစ်သလို စျေးကွက်ကျဆင်းနေရာမှ ပုံမှန်စျေးတန်းသို့ ပြန်လည်ရောက်ရှိလာပါတယ်။ ပမာဏများများတော့ အရောင်းအဝယ်မရှိသေးပါဘူး။ ပဲမာလိုင်းများက စျေးမတက်သော်လည်း လိုရောင်းလိုဝယ်လေးသာ အရောင်းအဝယ်ရှိပါတယ်။ မြေပဲဆံတွေကတော့ အရောင်းအဝယ် ဆက်လက်ကောင်းနေဆဲပါ။ အသစ်ဝင်နှမ်းမျိုးစုံစျေးကွက်မှာ အဝင်ရှိသလောက် အဝယ်ကောင်းနေပါတယ်။ ပို့ကုန်မတ်ပဲနဲ့ ပဲစင်းငုံတွေကတော့ ငွေပေးချေမှုပမာဏများတော့ အရောင်းအဝယ် နည်းနေသေးတယ်" ဟု ၎င်းကပြောသည်။

↗️ ဇူလိုင်(၁၈)ရက်တွင် ပို့ကုန်မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၀၀,၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၄၂၅,၀၀၀ ပေါက်ဈေးဖြစ်လာသည်။ ပဲတီစိမ်းအညာတစ်အိတ်လျှင် ငွေကျပ် ၂၀၂,၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ အမျိုးအစားလိုက် တစ် အိတ်လျှင် ငွေကျပ် ၁၀၀၀၀ ခန့် ပြန်လည်မြင့်တက်လာရာ ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၄၅,၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၅၀,၀၀၀၊ ထိုင်ဝမ်ကုလားပဲ တစ်အိတ်လျှင် ငွေ ကျပ် ၂၃၅,၀၀၀၊ 929 ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၀,၀၀၀ ပေါက်စျေးများဖြင့် ပုံမှန်စျေးတန်းဖြစ်လာသည်။ 

↗️ မြေပဲဆံ နှင့် နှမ်းမျိုးစုံ ဆက်လက်စျေးမြင့်တက်နေရာ ဇူလိုင်(၁၈)ရက်တွက် ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၇၅,၀၀၀၊ ပဲပုပ်တစ်အိတ်လျှင် ၂၃၀,၀၀၀၊ ပဲထောပတ် တစ်အိတ်လျှင် ငွေကျပ် ၄၄၀,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၄၅,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၅,၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံးဆံ တစ်ပိဿာလျှင် ငွေကျပ် ၈,၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲဆီ တစ် ပိဿာလျှင် ငွေကျပ် ၁၆,၅၀၀ ပေါက်ဈေးရှိနေသည်။

↗️ ဇူလိုင်(၁၈)ရက်တွင် နှမ်းမျိုးစုံပေါက်စျေး ဆက်လက်မြင့်တက်နေရာ နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေကျပ် ၅၁၀,၀၀၀၊ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၄၂၅,၀၀၀၊ နှမ်းဖြူ(ရိုးရိုး)တစ်အိတ်လျှင် ငွေကျပ် ၄၀၀,၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၂၅,၀၀၀၊ ပန်းနှမ်းတစ်အိတ်လျှင် ၂၀၅,၀၀၀ အသီးသီးပေါက်ဈေးရှိနေကြောင်းသိရသည်။

↗️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (မကွေးဂျာနယ်)