menu

ပြောင်းဈေးတက်လာပြီး ပဲမျိုးစုံဈေး အပြောင်းအလဲမရှိ


🌿🌱🍃🌽🍃🌱🌿🌽🍃🌱🌿  

မန္တလေးပဲမျိုးစုံဈေးကွက်တွင် ပြောင်းဈေးနှုန်း တက်လာသော်လည်း ပဲမျိုးစုံမှာ သိသိသာသာ ဈေးနှုန်း ပြောင်းလဲမှုမရှိကြောင်းမန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းကသိရသည်။  

ပြောင်း  
-----  

ပြည်ပတင်ပို့ရန် ဝယ်ယူစုဆောင်းနေသူများနှင့် ပြည်တွင်းတိရစ္ဆာန်အစာထုတ်လုပ်သူများက ဝယ်နေ ကြပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်များက အဝယ်ဆုံနေသဖြင့် တစ်ပိဿာလျှင် ကျပ် ၄၀ ကျော် မြင့်တက်လာသည်။ ယခင်က တစ်ပိဿာလျှင် ကျပ် ၄၁၀ ရှိရာမှ လက်ရှိတွင် ကျပ် ၄၅၀ သို့မြင့်တက် လာပြီး ဈေးနှုန်းအနည်းငယ် ဆက်လက်မြင့်တက်မည့်အခြေအနေတွင်ရှိသည်။  

နှမ်း  
---  

နယ်ပယ်ပေါင်းစုံကထွက်သည့် နှမ်းအသစ်များ ဝင်ရောက်လာခြင်းကြောင့် ဈေးကွက်အတွင်း နှမ်းများ လာပြီး နှစ်ပတ်ဆက်တိုက် ဈေးနှုန်းကျဆင်းခဲ့သည်။ လက်ရှိတွင် အဝင်ပမာဏ ပုံမှန်ဖြစ်လာခြင်းနှင့် ဝယ်ယူမှုမှာလည်း ပုံမှန်ရှိနေခြင်းကြောင့် ဇန်နဝါရီ ၁၅ ရက်တွင် စမုန်နှမ်းနက် သုံးတင်းဝင်တစ်အိတ် လျှင် ကျပ် ၁၆၀,၀၀၀ ဝန်းကျင်ဖြင့် အကျရပ်သွားခဲ့သည်။ လက်ရှိအနေအထားအရ ယခုဈေးနှုန်းကျ မည့်အခြေအနေ မရှိတော့သော်လည်း သိသိသာသာ ပြန်လည်မြင့်တက်မည့်အခြေအနေလည်း မရှိဟု ကုန်သည်များက သုံးသပ်ထားသည်။  

ပဲစင်းငုံ  
------  

ပြည်ပအဝယ် မရှိသော်လည်း ပြည်တွင်း ပဲသိုလှောင်သူများက အခုရက်ပိုင်းတွင် အဝယ်စိပ်နေသည်။ ထို့ကြောင့် အကျဘက်သို့ ဦးတည်နေရာမှာ ယခုသီတင်းပတ်တွင် အကျရပ်ကာ ဇန်နဝါရီ ၁၅ ရက်တွင် ပဲစင်းငုံသုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၇၁,၅၀၀ မှ ကျပ် ၇၁,၈၀၀ ကြား ပေါက်ဈေးဖြင့် ဈေးနှုန်းငြိမ် နေသည်။ အတက်၊ အကျ ပြောင်းလဲနိုင်ခြေနည်းပါးကြောင်း ကုန်သည်များက သုံးသပ်ထားသည်။  

မတ်ပဲ  
-----  

နယ်ပေါင်းစုံထွက် မတ်ပဲများ ဈေးကွက်အတွင်း ဝင်ရောက်နေပြီး ပြည်တွင်းဝယ်လိုအားသာ ရှိသော် လည်း ဈေးနှုန်းမှာ ကျဆင်းခြင်းမရှိပေ။ ဇန်နဝါရီ ၁၅ ရက်တွင် မတ်ပဲသုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၈၆,၀၀၀ မှ ကျပ် ၁၀၀,၀၀၀ ကြား ပေါက်ဈေးရှိသည်။ ဈေးနှုန်းငြိမ်နေဦးမည်ဟု ကုန်သည်များက သုံးသပ်ကြသည်။  

ကုလားပဲ  
--------  

ပြည်တွင်းပဲခွဲစက် လုပ်ငန်းများကသာ ဝယ်ယူနေသော်လည်း အရောင်းအဝယ်မျှတနေသဖြင့် ဈေးနှုန်း အတက်၊ အကျ ပြောင်းလဲမှုမရှိဘဲ ငြိမ်နေသည်။ ဇန်နဝါရီ ၁၅ ရက်တွင် ကုလားပဲ(ထိုင်ဝမ်) သုံးတင်း ဝင် တစ်အိတ်လျှင် ကျပ် ၇၄,၀၀၀ ၊ ကုလားပဲ(နိုင်းတူးနိုင်း) တစ်အိတ်လျှင် ကျပ် ၇၉,၀၀၀၊ ကုလားပဲ (ဗွီတူး) တစ်အိတ်လျှင် ကျပ် ၈၄,၀၀၀ ရှိကြောင်း သိရသည်။  

ပဲတီစိမ်း  
-------  

တရုတ်နိုင်ငံက ပုံမှန်ဝယ်ယူနေသဖြင့် မန္တလေးဈေးကွက်အတွင်း ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ငြိမ်နေသည်။ ပဲတီစိမ်းရွှေဝါသုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၂၄,၀၀၀ မှ ကျပ် ၁၃၀,၀၀၀ ဝန်းကျင်ဖြင့် ဈေးနှုန်းငြိမ်နေသည်။  

မျိုးသန့်  

မြန်မာတောင်သူကြီးများဂျာနယ်  

၂၀၂၁ခုနှစ် ဇန်နဝါရီလ (၁၈-၂၄)ရက်