menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပြောင်းကို တစ်နှစ်ပတ်လုံး အကောက်ခွန် ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်ရရန် ထိုင်းနှင့်ဆွေးနွေး။
🔸မြန်မာ့ပြောင်းများကို တစ်နှစ်ပတ်လုံး အကောက်ခွန်သက်သာခွင့်ဖြင့် တင်ပို့ခွင့်ရရန် ထိုင်းနိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ Public Warehouse Organization (PWO)နှင့်ဆွေးနွေးထားကြောင်း မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီး ဌာနထံမှ သိရသည်။အဆိုပါဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးသူက “ပြောင်းက တရုတ်ကို အရင်က တင်ပို့တာလည်း တရားမဝင်ပို့တာဖြစ်တယ်။ တရုတ်က မဝယ်ပေမယ့် ထိုင်းကို အများဆုံးပို့လာနိုင်တယ်။ ကိုယ့်ဘက်ကလည်း အရည်အသွေးပိုင်းကို သူတို့လိုလားချက်ကို လိုက်ပါဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်“ဟု ပြောသည်။
🔸အကောက်ခွန်သက်သာခွင့်ဖြင့် တစ်နှစ်ပတ်လုံး တင်ပို့ခွင့်ရရှိရေအတွက် မြန်မာ-ထိုင်း နှစ်နိုင်ငံကြား ပြောင်းရောင်းဝယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးကို ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် Public Ware house Organization (PWO)တို့ အကြား နိုဝင်ဘာ ၁၈ ရက်က နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်သည်။ မြန်မာက ထိုင်းသို့ ပြောင်းတင်ပို့ရာတွင် ထိုင်းနိုင်ငံ၏ ကုန်သွယ်ရေးမူဝါဒအရ နှစ်စဉ် ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၃၁ရက် အထိ အကောက်ခွန်သက်သာခွင့်ဖြင့် တင်သွင်းခွင့်ပေးထားကြောင်း၊ ထိုသို့ တင်ပို့စဉ် ကာလအတွင်းက အကောက်ခွန် သုညရာခိုင်နှုန်းဖြင့် အခွန်ကင်းလွတ်ခွင့်ရရှိ ကြောင်း၊ ထို့ကြောင့် မြန်မာက ပြောင်းများကို အဆိုပါစနစ်ဖြင့် တစ်နှစ်ပတ်လုံးတင်ပို့ ခွင့်ရရှိရေး ဆက်လက်ဆွေးနွေးနေကြောင်း သိရသည်။
🔸တရုတ်၏ ပြောင်းဝယ်လိုအားကျ ဆင်းချိန်တွင် ထိုင်း၏ ပြောင်းဝယ်လိုအားကောင်းလာခြင်းက မြန်မာပြောင်းစိုက် တောင်သူများကို အကျိုးရှိစေမည့်အစီအစဉ် တစ်ရပ်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးမင်းခိုင်က “ထိုင်းဘက်ကို ပြောင်းတင်ပို့ဖို့ နှစ်ဖက်အကြိုသဘောတူညီခဲ့တယ်။ ဒါပေမယ့်ဘယ်လောက်ပမာဏပို့မယ်ဆိုတာကို အသေးစိတ်ပြန်လည်ဆွေးနွေးမယ်။ သူတို့ကမ်းလှမ်းမှုက လောလောဆယ် တန်ချိန်တစ်သန်းခွဲဖြစ်တယ်“ ဟု ပြောသည်။
🔸PWO တာဝန်ရှိသူများက မြန်မာ့ ပြောင်းများကို အခွန်သုညရာခိုင်နှုန်းဖြင့် ဝယ်ယူနိုင်ကြောင်း၊ ပြောင်းကုန်စည်သည် ထိုင်းနိုင်ငံ၏အရေးကြီးသော စားသောက် ကုန်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းလိုအပ်ချက်မှာ တစ်နှစ်လျှင် တန်ချိန်ငါးသန်းခန့်ဖြစ်ကြောင်း၊ နိုင်ငံအတွင်း ထုတ်လုပ်မှုမှာ တစ်နှစ်လျှင် တန်ချိန်နှစ်သန်းခန့်သာ ထုတ်လုပ်နိုင်၍ လိုအပ်ချက်ဖြစ်သော တန်ချိန်သုံးသန်းကို ပြည်ပက တင်သွင်းရမည့် အနေအထားဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
🔸ထိုင်းနိုင်ငံ၏မူဝါဒမှာ ပြည်ပရှိ ကုန်ကြမ်းအရင်းအမြစ်များကို ရှာဖွေ၍ ထိုင်း၏ ဈေးကွက်လိုအပ်ကို အထောက်အပံ့ ပေးရန် ရည်ရွယ်ကြောင်း၊ မြန်မာက ပြောင်းများကို တစ်နှစ်ပတ်လုံး လွတ်လပ်စွာ တင်သွင်းနိုင်ရေးနှင့်ပတ်သက်၍ နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းတို့ အကြား လက်မှတ်ရေးထိုးသွားပြီး အဆိုပါ နားလည်မှုစာချွန်လွှာအရ မြန်မာက ပြောင်း တင်ပို့မည့်ကုမ္ပဏီတစ်ခုချင်းနှင့် သီးခြား စာချုပ်များ ချုပ်ဆို၍ ဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။
🔸တောင်ကြီးကုန်စည်ဒိုင်ရှိ ဖြိုးသီးနှံ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဦးအောင်ဇေက “တရုတ်က အဝယ်မရှိတဲ့အခြေအနေမှာ ဈေးနှုန်းက အတော်ကို ကျဆင်းတယ်။ အရင် တစ်နှစ်ကျော်က တစ်ပိဿာကို ကျပ် ၆၀ဝ ကျော် ပေါက်တယ်။ အရင်နှစ်ကတော့ ၄၆၀ ကျော် ပေါက်တယ်။ အခုပြောင်းတစ်ပိဿာကို ကျပ် ၃၃၀ ပဲ ရှိတယ်။ အခုလည်း ပြောင်းအဟောင်းတွေ လက်ကျန်ရှိနေပြီး ထုတ်မရောင်းနိုင်တဲ့အခြေအနေမှာ အသစ် ကလည်း စတင်ထွက်ပေါ်လာပြီ။ ပြောင်းတွေ လှိုင်လှိုင်ပေါ်လာတဲ့ တန်ဆောင်မုန်းလဆိုရင် ဈေးကျဆင်းပြီးတော့ တစ်လပိုင်းလောက်ဆိုရင် လှောင်လက်သမားတွေက ဝယ်ယူလာတာကြောင့် ဈေးပြန်မြောက်တယ်။ အခုနှစ်ကျတော့ ပြောင်းအဟောင်း တွေက ကုန်သည်တွေလက်ထဲမှာ အိတ်ရေ ၅ဝဝဝ၊ ၆ဝဝဝ လောက်စီ ပိုက်မိနေတော့ ငွေက မပေါ်ဘူးဖြစ်နေတယ်“ ဟု ပြောသည်။
🔸လက်ရှိ တောင်ကြီးရှိ ပွဲရုံများက ပြောင်းအသစ် ဝယ်ယူရာတွင် အစိုဓာတ် ပါဝင်နှုန်းအလိုက် သတ်မှတ်ဈေးနှုန်းပေး ဝယ်လျက်ရှိသလိုအဟောင်းတစ်ပိဿာလျှင် ကျပ် ၃၆၀ ဖြင့် ဝယ်ယူနေကြောင်း သိရသည်။ယခင်က အများဆုံးဝယ်ယူနေသည့် တရုတ်၏ ပြောင်းဝယ်ယူမှု ရပ်နားထားသည်မှာ တစ်နှစ်ခန့် ကြာမြင့်လာပြီဖြစ်၍ ပြည်တွင်း၌ ပြောင်းလက်ကျန်တန်ချိန် ခြောက်သိန်းခန့်ရှိနိုင်ကြောင်း သိရသည်။ ထို့ပြင် ယခုနှစ်အတွင်း ပြောင်းအများဆုံးစိုက်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း တစ်ခုတည်းပင် တန်ချိန်ခြောက်သိန်းခန့် ထွက်ရှိနိုင်သလို တစ်နိုင်ငံလုံးတွင် တန်ချိန် သုံးသန်းခန့်ထွက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
🔸ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်း၊ ကယား၊ ကရင်၊ ဧရာဝတီတိုင်း၊ နေပြည်တော် စသည့်မြို့နယ်များရှိ ပြောင်းများကို ထိုင်းဈေးကွက်သို့ အများဆုံးတင်ပို့လျက်ရှိကြောင်း သိရသည်။၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က ပြည်ပသို့ ပြောင်းတန်ချိန် ၁၅ သိန်းကျော်၊ ကန် ဒေါ်လာ သန်း ၂၇၀ ကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
နီနီအောင်
မြန်မာတောင်သူကြီးများဂျာနယ်။