menu

ပဲအသစ်ပေါ်ချိန် ပဲမျိုးစုံဈေးကွက် အခြေအနေ


***************************  

ပဲအသစ်ပေါ်ချိန်နှင့် ရုံးပိတ်ရက်များ ဆုံနေသည့်ကာလဖြစ်သောကြောင့် မန္တလေးပဲဈေးကွက်အတွင်း အရောင်းအဝယ် သိသိသာသာမရှိသဖြင့် ဈေးနှုန်းများလည်း အပြောင်းအလဲ သိသိသာသာမရှိဘဲ ငြိမ်နေကြောင်း မန္တလေးပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းက သိရသည်။  

နှမ်း  
---  

မန္တလေးဈေးကွက်အတွင်း တရုတ်နိုင်ငံက ဝယ်ယူမှုအများဆုံး စမုန်နှမ်းနက်များမှာ နယ်ပယ်ပေါင်းစုံက အသစ်ပေါ်ထွက်နေခြင်း၊ ထွက်ရှိလာသည့် နှမ်းများတွင် အက်စစ်ဓာတ်များပါဝင်မှုများပြားခြင်းနှင့် ခရစ္စမတ်ရုံးပိတ်ရက်များ တိုက်ဆိုင်မှုရှိသဖြင့်အရောင်းအဝယ် သိသိသာသာမဖြစ်ဘဲ ငြိမ်နေသည်။ သို့သော်ဈေးကွက်လိုအပ်ချက်ရှိနေသဖြင့် ရောင်းချရမည်မှာ သေချာသဖြင့်ဈေးနှုန်းသိသိသာသာ ကျဆင်းခြင်းမရှိပေ။ ဒီဇင်ဘာ ၂၅ ရက်တွင်နှမ်း သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၇၀,၀၀၀ ဝန်းကျင် ဖြင့်ငြိမ်နေသည်။ ယခုအခြေအနေအရ ဈေးနှုန်းအတက်အကျပြောင်းလဲမှုမရှိဘဲငြိမ်နေဦးမည်ဖြစ်သည်။  

ပဲစင်းငုံ  
------  

မန္တလေးဈေးကွက်အတွင်းသို့ ရန်ကုန်ဝယ်လက်များ ပဲစင်းငုံလာရောက်ဝယ်ယူမှုမရှိတော့သော်လည်း အခြားပဲသိုလှောင်သည့်လုပ်ငန်းရှင်များက ဝယ်ယူမှုအနည်းငယ်ရှိနေသဖြင့် ဈေးနှုန်းသိသိသာသာ မကျဆင်းသော်လည်း အရောင်းအဝယ်အေးနေသည်။ ဒီဇင်ဘာ ၁၈ ရက်တွင်ပဲစင်းငုံသုံးတင်းဝင် တစ်အိတ်လျှင် ကျပ်၆၈,၀၀၀ ရှိရာမှ ဒီဇင်ဘာ ၂၅ ရက်တွင် ကျပ် ၆၄,၅၀၀ သို့ ကျဆင်းလာသည်။ ပြည်ပကို တင်ပို့ဖို့အတွက် ဝယ်ယူမှုမရှိတဲ့အချိန်မှာ လှောင်လက်သမားတွေက ဝယ်နေလို့ ဈေးကမကျ တာ ဖြစ်နိုင်သလိုဒီဈေးနှုန်းကလည်း အောက်ဆုံးဈေးနီးပါး ရောက်နေတော့ ဆက်မကျတာ ဖြစ်နိုင်ပါ တယ်။ ကျ၊ မကျ ခန့်မှန်းရရင်တော့ ဒီထက်ဆက်ကျဖို့ မလွယ်ပါဘူး ဟု မန္တလေးမြို့မှ ပဲစင်းငုံဝယ်ရောင်းလုပ်ကိုင်သူဦးစိုးနိုင်က ပြောသည်။  

ကုလားပဲ  
--------  

ပဲခွဲစက်လုပ်ငန်းရှင်များသာ ဝယ်ယူနေခြင်းကြောင့် ဈေးနှုန်းအတက်အကျ ပြောင်းလဲမှုမရှိဘဲ ငြိမ်နေသည်။ ဒီဇင်ဘာ ၂၅ ရက်တွင် ကုလားပဲ(ထိုင်ဝမ်) သုံးတင်း ဝင်တစ်အိတ်လျှင် ကျပ် ၈၀,၀၀၀၊ ကုလားပဲ (နိုင်းတူးနိုင်း) တစ်အိတ်လျှင် ကျပ် ၈၃,၅၀၀၊ ကုလားပဲ (ဗွီတူး) တစ်အိတ်လျှင် ကျပ် ၈၉,၅၀၀ ရှိကြောင်း သိရသည်။  

ပဲတီစိမ်း  
-------  

မန္တလေးဈေးကွက်အတွင်း၌ အခြားပဲမျိုးစုံဈေးနှုန်း ပြောင်းလဲမှုမရှိသော်လည်း ပဲတီစိမ်းမှာတရုတ် ဝယ်လိုအားကြောင့် ဈေးနှုန်းအနည်းငယ် မြင့်တက်လာသည်။ ဒီဇင်ဘာ ၁၈ ရက်တွင် ပဲတီစိမ်းလုံးကြီး သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀ ရှိခဲ့ရာမှဒီဇင်ဘာ ၂၅ ရက်တွင် ကျပ် ၁၂၈,၀၀၀ သို့ ရောက်ရှိ လာသည်။ ထို့ပြင် ဝယ်လိုအားများခြင်းကြောင့် အရောင်းအဝယ်ဖြစ်နေပြီးလက်ရှိဈေးနှုန်းထက်မြင့်တက်နိုင်ခြေများနေသည်။  

မတ်ပဲ  
-----  

မတ်ပဲကို ကုန်သည်များက ဝယ်ယူမှုရှိသော်လည်း နယ်ပေါင်းစုံတွင် ထွက်ရှိကာ ဈေးကွက်အတွင်းသို့ အရေအတွက်များများ ရောက်ရှိနေသဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာမည့်အခြေအနေ ဖြစ်ပေါ်နေ သည်။ ဒီဇင်ဘာ ၁၈ ရက်တွင် မတ်ပဲသုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၉၇,၀၀၀ မှ ကျပ် ၁၀၀,၀၀၀ ကြား ရှိခဲ့ရာမှ ဒီဇင်ဘာ ၂၅ ရက်တွင် ကျပ် ၉၅,၀၀၀ သို့ ကျဆင်းလာသည်။ ဝယ်လိုအားထက်ရောင်းလိုအား က များပြားနေခြင်းကြောင့်ယခုကဲ့သို့ ဈေးနှုန်းကျဆင်းလာခြင်းဖြစ်သည်။ ယခုအခြေအနေအရ ဈေးနှုန်း ဆက်လက်ကျဆင်းမည့်အခြေအနေတွင်ရှိကြောင်း ကုန်သည်များက သုံးသပ်သည်။  

မျိုးသန့်  

မြန်မာတောင်သူကြီးများဂျာနယ်  

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ(၂၈) - ၂၀၂၁ ခုနှစ် ဇန်နဝါရီလ(၃)ရက်။