menu

“ပဲမာလိုင်းများ ဆက်လက်ဈေးမြင့်တက်နေသည့် ပဲမျိုးစုံဈေးကွက်”


🫘🫘🫘🫘🫘🫘🫘🫘🫘🫘

▶️ ယခင်သီတင်းပတ်က ဈေးမြင့်တက်လာသည့် ပို့ကုန်ပဲများမှာ အမြင့်ဈေးဖြင့် ဈေးတည်ငြိမ်နေသော် လည်း ပြည်တွင်းသုံးကုလားပဲအုပ်စုနှင့် ပဲမာလိုင်းများမှာ ရန်ကုန်အဝယ်ကောင်းနေတာကြောင့် ဆက်လက်ဈေးမြင့်တက်လာကြောင်း ပဲကုန်သည်များထံက သိရသည်။

▶️ ပို့ကုန်ပဲများမှာ အမြင့်ဈေးဖြစ်လာတာကြောင့် အဝယ်သမားများ ထိန်းဝယ်ယူနေတာကြောင့်လည်း ဈေးဆက်မတက်နိုင်ဘဲ ဈေးတည်ငြိမ်နေခြင်းဖြစ်ကြောင်း၊ ပြည်တွင်းသုံးကုလားပဲများမှာ ဒေသအစုံမှ အသစ်ဝင်ရောက်မှုအားကောင်းလာသလို အဝယ်ဈေးမှာလည်း ကျဆင်းသွားခြင်းမရှိဘဲ ဈေးကွက်အတွင်း ဈေးအကောင်းဆုံးဖြစ်လာကြောင်း၊ တရုတ်လိုင်း အဝယ်ကောင်းလာသည့် မြေပဲအနီလုံးဆံမှာလည်း ဈေးမြင့်တက်လာကြောင်း၊ ဈေးကွက်အတွင်း ပဲထောပတ်နှင့် စွန်တာနီ၊ ပဲဇီးကွက်တို့မှာ ရန်ကုန်အဝယ်ကောင်းနေကြောင်း နှင့် မြေထောက်ပဲမှာ တောင်သူလက်ဝယ်မရှိတော့ ကြောင်း တက်နေလင်းပွဲရုံမှ ဦးဇင်မင်းဦးက ပြောသည်။

▶️ “ပို့ကုန်ပဲတွေကတော့ အရင်တက်ထားတဲ့ ဈေးအမြင့်အတိုင်းတည်ငြိမ်နေပါတယ်။ ဒီရက်ပိုင်း ရွှေဈေးတွေလှုပ်လာတော့ ပဲဈေးကွက်မှာလည်း အဝယ်သွက်နေတာ အမြင့်ဈေးတွေဖြစ်နေတာတောင် အဝယ်လိုက်နေပါတယ်။ ပြည်တွင်းသုံး ကုလားပဲတွေကတော့ အများဆုံးအရောင်းအဝယ်ဖြစ်နေတာပါ။ အသစ်ကလည်း ဒေသအစုံဝင်ရောက်နေပေမယ့် ဈေးကျမသွားပါဘူး။ ပဲထောပတ်၊ ပဲဇီးကွက်၊ စွန်တာနီ စတဲ့ ပဲမာလိုင်းတွေ ဈေးတက်အဝယ်သွက်နေပါတယ်။ တရုတ်လိုင်း အဝယ်ပြန်ကောင်းလာလို့ မြေပဲအနီလုံးဆံတွေ ဈေးတက်လာပါတယ်” ဟု ၎င်းက ပြောသည်။

▶️ မတ်လဆန်းပိုင်း ဈေးမြင့်တက်လာသည့် ပို့ကုန် မတ်ပဲ၊ ပဲစင်းနှင့် ပဲတီစိမ်းတို့မှာ သုံးတင်းဝင်တစ်အိတ် လျှင်ငွေကျပ် ၈,၀၀၀ - ၁၀,၀၀၀ ဆက်လက်ဈေးမြင့်တက်လာရာ မတ်(၁၄)ရက် နေ့တွင် မတ်ပဲ(သစ်) ၆၀ပိဿာတစ်အိတ် ကျပ် ၁၈၈,၀၀၀၊ ပဲစင်းငုံ(သစ်) ၆၀ ပိဿာတစ်အိတ်ကျပ် ၂၁၀,၀၀၀၊ ပဲတီစိမ်းရွှေဝါ (သစ်) ၅၆.၂၅ ပိဿာတစ်အိတ် ၂၂၅,၀၀၀ ပေါက်ဈေးသာရှိပြီး တရုတ်လိုင်း အဝယ်အေးသွားကြောင်း မန္တလေးကုန်စည်ဒိုင် ပေါက်ဈေးများအရ သိရသည်။

▶️ အမေရိကန်နိုင်ငံက ဘဏ်ပြိုလဲမှု သတင်းတွေကြောင့် ကမ္ဘာ့ရွေဈေးမြင့်တက်လာတာနှင့်အတူ ပြည်တွင်းပဲဈေးကွက်တစ်ခုလုံးဈေးမြင့်တက်လာသလို ဝယ်လိုအားကောင်းလာကြောင်း လက်ရှိပဲဈေးကွက်အခြေနေက ပို့ကုန်ပဲတွေ အကုန်ဈေးကောင်းနေကြောင်း၊ ပြည်တွင်းသုံးကုလားပဲ ကတော့ ဈေးအကောင်းဆုံးဖြစ်လာကြောင်း ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ) က ပြောသည်။ 

▶️ ယခုသီတင်းပတ် မတ်(၁၄)ရက် နေ့တွင် ဈေးမြင့်တက်လာသည့် ကုလားပဲ V2 တစ်အိတ်မှာ ငွေကျပ် ၂၀၃,၀၀၀၊ ပဲကြီးတစ်အိတ် ငွေကျပ်၂၄၅,၀၀၀၊ ပဲထောပတ်တစ်အိတ် ငွေကျပ် ၂၅၀,၀၀၀၊ မြေထောက်ပဲ တစ်အိတ် ငွေကျပ်၂၈၅,၀၀၀၊ မြေပဲအနီလုံးဆံ တစ်ပိသာ ၆,၇၀၀ - ၆,၈၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

▶️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း