menu

ပဲမျိုးစုံ နှင့် နှမ်း ဈေးကွက် အခြေအနေ


🌿🍂🍃🍂🌿🌿🍂🍃🍂🌿

➡️ကိုဗစ်ကာကွယ်ရေးအတွက် တရုတ်က နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို ပိတ်ထားသဖြင့် မန္တလေးမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ပဲသီးနှံများ ဈေးနှုန်းကျဆင်းနေကြောင်း သိရသည်။ ထို့အပြင် အိန္ဒိယနိုင်ငံကလည်း မြန်မာနိုင်ငံထံမှ ပဲဝယ်လိုအားများ ကျဆင်းသွားကြောင်း မန္တလေး ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းက သိရသည်။

ပဲတီစိမ်း
-------
အဓိကဝယ်ယူနေသည့် တရုတ်နိုင်ငံက ကိုဗစ်ကြောင့် ကုန်သွယ်ရေးလမ်းကြောင်းများကို ယာယီ ပိတ်ထားခြင်းကြောင့် ဝယ်လိုအားကျဆင်းသွားသည်။ ဈေးနှုန်းများမှာ ဧပြီလ စတုတ္ထသီတင်းပတ်တွင် ပဲတီစိမ်း သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀ မှ ၁၃၀,၀၀၀ ကြားပေါက်ဈေးရှိခဲ့ရာမှ လက်ရှိတွက် ကျပ် ၁၀၀,၀၀၀ မှ ၁၁၀,၀၀၀ ကြားသို့ ကျဆင်းလာကြောင်းသိရသည်။ “ အခု နိုင်ငံခြားငွေဈေးနှုန်းတက်နေပေမဲ့ ဝယ်ယူမှုကျဆင်းတဲ့အတွက် အခုလိုဈေးနှုန်းတွေ ကျဆင်း လာတာဖြစ်ပါတယ်။ အခုရက်ပိုင်း တင်ပို့တဲ့လမ်းတွေ အနည်းငယ်ဖွင့်လာတဲ့အတွက် ဈေးနှုန်း ပြန်ကောင်းလာနိုင်ဖို့တော့ရှိပါတယ်“ ဟု မန္တလေး ပွဲစားကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဆွေက ပြောသည်။

နှမ်း
---
မန္တလေးဈေးကွက်အတွင်းမှ အများဆုံးဝယ်ယူနေသော စမုန်နှမ်းနက်များကို ယခုရက်ပိုင်းအတွင်း ကုန်သွယ်ရေးလမ်းကြောင်း အခက်အခဲကြောင့် တရုတ်နိုင်ငံသို့ တင်ပို့နိုင်မှုနည်းပါးသဖြင့် အရောင်းအဝယ်မဖြစ်သည့်အပြင် ဈေးနှုန်းများ တဖြည်းဖြည်း အကျဘက်သို့ ဦးတည်လာနေကြောင်း သိရသည်။ ဧပြီလ နောက်ဆုံးအပတ်တွင် နှမ်းနက်စမုန် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၆၀,၀၀၀ ရှိရာမှ မေလအတွင်း ကျပ် ၁၅၀,၀၀၀ သို့ ကျဆင်းလာသည်။ ယခုအခြေအနေအရ လမ်းကြောင်းကောင်းမွန် လာလျှင် ဈေးနှုန်းမြင့်တက်လာနိုင်သော်လည်း သိသိသာသာ မြင့်တက်နိုင်ချေနည်းပါးကြောင်းကုန်သည်များက သုံးသပ်သည်။ 

ပဲစင်းငုံ
-----
အိန္ဒိယနိုင်ငံက ဝယ်ယူမှုလျော့ကျသွားခြင်းနှင့် ပြည်တွင်းသိုလှောင်သူများကဝယ်ယူမှုမရှိခြင်းတို့ကြောင့် ဒေါ်လာဈေးမြင့်တက်နေသော်လည်း ပဲစင်းငုံ ဈေးနှုန်းမှာ ဧပြီလတတိယသီတင်းပတ်တွင် သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၉၃,၀၀၀ မှ ယခုအခါ ကျပ် ၈၅,၀၀၀ သို့ ကျဆင်းလာသည်။ ယခုအခြေအနေအရ ဈေးနှုန်းမြင့်တက်နိုင်ချေ နည်းပါးကြောင်း သိရသည်။ “ အိန္ဒိယနိုင်ငံက အဝယ်ရပ်လိုက်တာနဲ့ ရန်ကုန် ဝယ်လက်တွေက သိပ်မဝယ်တော့တဲ့အတွက် အခုလိုဈေးကျလာတာဖြစ်ပါတယ်။ ဒီထက်ဈေးကျဖို့က တော့နည်းတယ်“ ဟု ကုန်သည် ဦးစိုးဝင်းကပြောသည်။

ကုလားပဲ
--------
ယခင်ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝယ်ယူမှုကြောင့် ဈေးနှုန်းမြင့်တက်ခဲ့သေးသော်လည်း ယခုအခါ အဝယ်ရပ်လိုက်သဖြင့် ဈေးနှုန်းကျဆင်းလာနေသည်။ ဧပြီလနောက်ဆုံးအပတ်တွင် ကုလားပဲ (ဗွီတူး) သုံးတင်းဝင်တစ်အိတ်လျှင် ကျပ်၉၁,၀၀၀ ရှိရာမှ မေလတွင် ကျပ် ၉၀,၀၀၀ သို့ ကျဆင်းလာသည်။ အလားတူကာလအတွင်းကုလားပဲ (ဟော်လန်)မှာလည်းယခင်က ကျပ် ၈၃,၀၀၀ ရှိရာမှ ယခု ကျပ် ၇၉,၀၀၀ သို့ ကျဆင်းလာသည်။ “ဈေးနှုန်းအတက်ဘက်ကတော့ နည်းတယ်၊ အကျဘက်များတယ်။ ပြည်တွင်းစားသောက်ကုန်လုပ်ငန်းတွေက ဝယ်ယူမှုရှိတဲ့အတွက် ဈေးနှုန်းကတော့ သိသိသာသာ မကျနိုင်ဖူး” ဟု မန္တလေး ကုန်စည်ဒိုင်မှ ကုန်သည်ဦးတင်ဦးက ပြောသည်။

မတ်ပဲ
-----
ပြည်တွင်းဝယ်ယူမှု ပုံမှန်ရှိခြင်းကြောင့် မတ်ပဲဈေးနှုန်းပြောင်းလဲမှုမရှိဘဲ သုံးတင်းဝင်တစ်အိတ်လျှင် ဧပြီလ ၃၀ ရက်တွင် ထိပ်စ ကျပ် ၈၅,၀၀၀ အညံ့စ ကျပ် ၈၀,၀၀၀ ရှိကြောင်း သိရသည်။

မျိုးသန့် (မြန်မာတောင်သူကြီးများဂျာနယ်)