menu

ပဲမျိုးစုံဈေးကွက် အရောင်းအဝယ် အခြေအနေ .....

🌿🍀🍃☘️🌿🌿🍀🍃☘️🌿  

ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်အထိ မန္တလေးခရိုင်ရှိ မြို့နယ်ခုနစ် မြို့နယ်ကို Semi–Lockdown ချမည့် သတင်းများကြောင့် မန္တလေးပဲမျိုးစုံဈေးကွက်မှာအရောင်းအဝယ်နည်းပါးနေကြောင်း သိရသည်။  

🌿ပဲစင်းငုံ🌿  

ရန်ကုန်ဝယ်လက်များက ယခုရက်ပိုင်းအတွင်း ဝယ်ယူမှုရှိသဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်နေ သော်လည်း မန္တလေးခရိုင်အတွင်း Semi – Lockdown ချမည့်အခြေအနေကြောင့် ကုန်သည်များနှင့် ဝယ်ယူသူများအကြား အရောင်း အဝယ်လုပ်ရမည့် အခြေအနေကို အတိအကျမသိသေးဘဲ စောင့်ကြည့် နေကြရသည်။ ဒီဇင်ဘာ ၄ ရက်တွင် ပဲစင်းငုံ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ်၇၇,၀၀၀ ဝန်းကျင် ပေါက်ဈေးရှိသည်။“ကိုဗစ်စည်းကမ်းချက်တွေကြောင့် ဈေးကတော့တက်ဖို့မရှိဘူး။ ဒါပေမဲ့ ရန်ကုန်ဝယ်လက်ရှိတဲ့အတွက် အကျတော့မရှိနိုင်ဘူး၊ ဒီဈေးအတိုင်း ငြိမ်နေမယ်ထင်တယ်“ ဟု မန္တလေး ပွဲစား၊ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း ဒုတိယဥက္ကဋ္ဌဦးမျိုးဆွေက ပြောသည်။  

🍀မတ်ပဲ🍀  

ပြည်တွင်းဝယ်ယူမှုသာရှိပြီး ဝယ်ယူနေသူများကလည်းဈေးနှုန်းကို လျှော့ချဝယ်ယူနေသည့်အခြေအနေ ကြောင့် ဈေးကွက်အေးနေသည်။ဒီဇင်ဘာ ၄ ရက်တွင် မန္တလေးပဲဈေးကွက်အတွင်း မတ်ပဲသုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၀၅,၀၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်ပြုလုပ်နေသည်။ ကုန်သည်များနှင့် ဝယ်လက်များအကြားဈေးနှုန်း အတိုး၊ အလျှော့ လွန်ဆွဲနေသည့်သဘော ဖြစ်နေ၍ အရောင်းအဝယ် သိသိသာသာအေးနေသည်။

🍃ကုလားပဲ🍃  

ပြည်တွင်းပဲခွဲစက်လုပ်ငန်းများသာ ဝယ်ယူနေပြီး အရောင်းအဝယ်ပုံမှန်ဖြစ်နေသည်။ ထို့အတွက် ဈေးနှုန်းအတက်အကျပြောင်းလဲမှုမရှိဘဲ ဒီဇင်ဘာ ၄ ရက်တွင် ကုလားပဲ(ထိုင်ဝမ်) သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၇၉,၀၀၀ ၊ ကုလားပဲ(ဗွီတူး) သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၈၈,၅၀၀ ရှိသည်။  

☘️ပဲတီစိမ်း☘️  

အခြားပဲမျိုးများ ဈေးနှုန်းအနည်းငယ်ကျဆင်းမှုများ ရှိသော်လည်း ပဲတီစိမ်းမှာမူ တရုတ်နိုင်ငံက ဆက်တိုက်ဝယ်ယူနေခြင်းကြောင့် ကျဆင်းခြင်းမရှိဘဲ အမြင့်ဈေးဖြင့်ဈေးနှုန်းငြိမ်နေသည်။ ဒီဇင်ဘာ ၁ ရက်တွင် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၂၈,၀၀၀ရှိရာမှ ဒီဇင်ဘာ ၄ ရက်တွင် ကျပ် ၁၃၀,၀၀၀ ဝန်းကျင်အထိမြင့်တက်လာသည်။ ယခုအခြေအနေအရ ဈေးနှုန်းအနည်းငယ်မြင့်တက်နိုင် ခြေရှိသော်လည်း သိသိသာသာမြင့်တက်နိုင်ရန်မလွယ်ကူသေးကြောင်း သိရသည်။  

🌿နှမ်း🌿  

ကိုဗစ်ဂယက်ကြောင့် တစ်နေရာနှင့်တစ်နေရာ သယ်ယူပို့ဆောင်ရေးပိုင်း အခက်အခဲ၊ ကုန်သည်များက ဈေးနှုန်းကစားမှုများကြောင့် စမုန်နှမ်းနက်အတက် အကျပြောင်းလဲမှုမြန်ဆန်လျက်ရှိသည်။ ဒီဇင်ဘာ ၁ ရက်တွင် စမုန်နှမ်းနက် သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၈၀,၀၀၀ ပေါက်ဈေးရှိရာမှ ဒီဇင်ဘာ ၄ ရက်တွင် ကျပ် ၁၈၅,၀၀၀ ဖြစ်လာသည်။ “တရုတ်ကတော့ အဝယ်သွက်နေတယ်။ ဒါပေမဲ့ တစ်နယ်နဲ့တစ်နယ်ကကူးသန်းရောင်းဝယ်မှုပိုင်းမှာက ဘယ်လိုဖြစ်လာမလဲဆိုတာ ခန့်မှန်းလို့မရဘူး၊ ဒါကြောင့်အဝယ်ရှိပေမဲ့ ဈေးနှုန်းကဘယ်လိုသတ်မှတ် ရောင်းဝယ်ရမလဲဆိုတာ ခက်နေတယ်“ ဟုဦးမျိုးဆွေက ပြောသည်။ လက်ရှိမန္တလေးပဲမျိုးစုံဈေးကွက် အတွင်း ကိုဗစ်ကူးစက်ပြန့်ပွားမှုမရှိစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်အထိ မန္တလေးခရိုင်အတွင်း Semi-Lockdown ချမည့်သတင်းများ ထွက်ပေါ်နေသည့်အတွက်အခြေအနေများ ပေါ်မူတည်ကာ ဈေးနှုန်းများကို သတ်မှတ်နိုင်မည်ဖြစ်သည်။  

မျိုးသန့်  

မြန်မာတောင်သူကြီးများဂျာနယ်  

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ (၇-၁၃)ရက်။