menu

ပဲတီစိမ်းပေါ်ချိန်ဖြစ်သော်လည်း အဝယ်နည်းကာ ဈေးနှုန်းကျဆင်း


🌿🌿🌿🌿🌿🌿🌿🌿🌿🌿

🔳တစ်နိုင်ငံလုံးတွင် ပဲတီစိမ်းများ လှိုင်လှိုင်ပေါသည့် ကာလဖြစ်သော်လည်း ဝယ်ယူသူနည်းပါးနေပြီး ဈေးနှုန်းကျဆင်းနေကြောင်း သိရသည်။"လက်ထဲမှာ ပဲတွေအရမ်းပေါနေတယ်။ ရောင်းချင်သူသာများနေတာ ‌ဝယ်သူကရှားနေတယ်။ လတ်တလောအဝယ်မရှိတော့ ပစ္စည်းတွေကို လှောင်ထားရတယ်။ ကျွန်တော်တို့မှာ မနှစ်ကလည်း ကိုဗစ်ကြောင့် အထိနာခဲ့တယ်။ ဒီနှစ်လည်း နိုင်ငံရေးအ‌ခြေအနေမကောင်းတာကြောင့် ဝယ်သူမရှိဘူး။ ခက်ခဲတဲ့အခြေအနေဘဲ"ဟု ပဲခူးတိုင်းဒေသကြီးမှ တောင်သူတစ်ဦးက ပြောသည်။

🔳ယခင်နှစ်ပဲပေါ်ချိန်တွင် တစ်တင်းဈေးနှုန်းမှာ ကျပ် ၄၂,၀၀၀မှ ၄၅,၀၀၀ထိ ရရှိခဲ့ပြီး ယခုအချိန်တွင် ကျပ် ၃၈,၀၀၀ခန့်သာ ရရှိကြောင်း သိရသည်။"လက်ရှိမှာ ငွေက ရှားနေတယ်။ တောင်သူတွေမှာလည်း ပဲကောက်ခတွေ ရှင်း‌ပေးရမှာဆိုတော့ ငွေလိုတဲ့အခါမှာ ကိုယ့်ဆီမှာရှိတဲ့ ပဲတစ်ဝက်လောက်ကို ရရာဈေးနဲ့ ရောင်းကြရတယ်။ ပဲကိုတော့ ဒေသတွင်းက ကုန်သည်တွေက ဝယ်ကြပေမယ့် တောင်သူတွေ မျှော်လင့်သလိုဈေးမရဘူး''ဟု ခရမ်းမြို့နယ်မှ တောင်သူ ဦးဝင်း‌မောင်က ပြောသည်။

🔳အဆိုပါဒေသတွင် ပွဲရုံများဖွင့်လှစ်သော်လည်း ဈေးကောင်းမရရှိသည့်အတွက် တောင်သူများအနေဖြင့် ချင့်ချိန်ရောင်းချနေရကာ ချေးငွေပြန်ဆပ်ရမည့်ကာလရောက်ရှိပါက မဖြစ်မနေရောင်းချရမည် ဖြစ်ကြောင်း ဒေသတွင်းတောင်သူများက ပြောသည်။

🔳"ကျွန်တော်တို့လက်ထဲမှာလည်း ပဲတွေကိုကြာကြာထားဖို့ အဆင်မပြေဘူး။ ဒီရက်ပိုင်းအတွင်းမှာဘဲ ဈေးမတက်ဘူးဆိုရင်တော့ ထုတ်ရောင်းရတော့မှာဘဲ။ ပဲက သိုလှောင်ထားမယ်ဆိုရင်တော့ တစ်နှစ်လောက် ခံပေမယ့် လက်ထဲမှာ ငွေမရှိတော့တဲ့အတွက် ရောင်းရမှာဘဲ။ ဒီဒေသမှာလည်း တောင်သူ ၈၀ရာခိုင်နှုန်း လောက်က ပဲတွေထုတ်ရောင်းပြီးသွားပြီ။ ၂၀ရာခိုင်နှုန်းလောက်ဘဲ ချန်ထားကြတော့တယ်''ဟု အထက်ခမက်စံပြကျေးရွာမှ တောင်သူ ဦးဌေးအောင်က ပြောသည်။

🔳တချိန်တည်းမှာပင် လယ်သမားများအနေဖြင့် မိုးစပါးအတွက် စနစ်ပြောင်း စိုက်ပျိုးနိုင်ရေးလည်း စဉ်းစားဆောင်ရွက်နေကြောင်း သိရသည်။"လယ်သမားတွေက ဒီနှစ်မှာမိုးစပါးအတွက် စိုက်စနစ်တွေပြောင်းမယ်။ အားသွန်ခွန်စိုက်လုပ်မယ်ဆိုပြီး ပြင်ဆင်ထားတာ။ အခုတော့ဒါတွေက အိမ်မက် မက်သလိုဖြစ်သွားပြီ။ ဒီအတိုင်းဘဲ ဆက်သွားမယ်ဆိုရင်တော့ စိုက်တော့စိုက်မယ် စရိတ်လျော့ချတဲ့ အစီအစဉ်နဲ့ဘဲ စိုက်တော့မယ်။ ဒီလိုမလုပ်ရင် မရဘူး တောင်သူမှာ စပါးပေါရင် ဈေးကျတယ်။ သွင်းအားစု တွေ ဒီဇယ်တွေဈေးတက်တယ်။ မျိုးစပါးစရိတ်တွေ ဈေးမြင့်တယ်။ လုပ်အားခတွေ ဈေးကြီးတယ်။ စပါးပေါချိန် ဝယ်သူမရှိရင် ကိုယ်လုပ်တာက အရှုံးဘဲဖြစ်မှာဆိုတော့ ဒီအစီအစဉ်အတိုင်း သွားမှရတော့မယ်"ဟု ဦးဌေးအောင်က ပြောသည်။

Sources : ဂျူးမေဇင် (မြန်မာတောင်သူကြီးများဂျာနယ်)