menu

“ပြည်ပ စားအုံးဆီဂယက်”


➖🔹➖🔹➖🔹➖🔹➖🔹➖

🔘မလေးရှားနိုင်ငံအတွင်း ပြည်တွင်းစားအုံးဆီကြမ်းကို အခွန်ကောက်ခံမှုလျှော့ချလိုက်ပါက ဆီကြမ်း ပြည်ပတင်ပို့မှုမြင့်တက်လာနိုင်ပြီး ပြည်တွင်းတွင် စားအုံးဆီကြမ်းပြတ်လပ်မှုဖြစ်ပေါ်နိုင်ကြောင်း နှင့် စားသုံးဆီထုတ်လုပ်သည့် လုပ်ငန်းများလည်းအကြပ်အတည်းဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက လေ့လာသုံးသပ်ထားသည်။

🔘အင်ဒိုနီးရှားနိုင်ငံမှ ပြည်ပသို့စားအုံးဆီတင်ပို့မှုကိုကန့်သတ်လိုက်ခြင်းသည် နိုင်ငံအတွင်းဆီအုံးဈေးကွက် ကို ဗရမ်းဗရမ်းဗတာဖြစ်စေခဲ့ကြောင်း၊ စားအုံးဆီ တလီတာလျှင် 17,000 Rupiah ဖြစ်ပြီးလာပြီး 23,000 Rupiah / lit အထိဈေးမြင့်တက်လာနိုင်သည်။ အစိုးရက 14,000 Rupiah / lit ထိဈေးချနိုင်ရန် မျှော်လင့် ထားသော်လည်း ယခုအချိန်အထိဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်းသိရသည်။ 

🔘ပြည်ပတင်ပို့မှုကန့်သတ်ချက်သည် ပြည်တွင်းရှိစားအုံးဆီထုတ်လုပ်သည့် စက်ရုံများအပေါ်များစွာ အကျိုးသက်ရောက်ပြီး လုပ်ငန်းရှင်များက တောင်သူများထဲမှ ဆီအုံးသီးနှံဝယ်ယူမှုရပ်ဆိုင်းသွားသည်။ ထို့မှတဆင့် တောင်သူများကလည်း ဆီအုံးသီးနှံရိတ်သိမ်းခူးဆွတ်ခြင်းရပ်ဆိုင်းသွားသည်။ ပြည်ပတင်ပို့မှုကန့်သတ်ချက်ကို ပြန်လည်ဖြေလျှော့ရန်လိုအပ်လျှက်ရှိပြီး ယခုလက်ရှိတွင် စားအုံးဆီ စက်ရုံများကလည်း စားအုံးဆီကြမ်းများကို လှောင်ကန်များ၌သာသိုလှောင်ထားရှိသောကြောင့် စားဆီအဆင့်ထိထုတ်လုပ်မှုရပ်ဆိုင်းကာ အရေးပေါ်အခြေအနေသို့ ရောက်လုနီးပါးဖြစ်နေသည်။

🔘စားအုံးဆီတင်ပို့မှုအပေါ် အခွန်လျှော့ပေါ့ကောက်ခံမည့် ရာခိုင်နှုန်းကို မလေးရှားအစိုးရက ထုတ်ပြန် ကြေငြာပြီးနောက် အင်ဒိုနီးရှားနိုင်ငံသည် ပြည်ပဈေးကွက်အချို့ကို လက်လွတ်ဆုံးရှုံးရမည့်အခြေအနေ သို့ ရောက်ရှိနေသည်။ အိန္ဒိယနှင့်ပါကစ္စတန်နိုင်ငံတို့အနေဖြင့် မလေးရှား၏စားအုံးဆီတင်ပို့မှု အခွန်လျှော့ချခြင်းအပေါ် ရလာဒ်ကောင်းများရရှိလျှက်ရှိကာ ထိုနှစ်နိုင်ငံအတွင်း မလေးရှားစားအုံးဆီ ဈေးကွက်ရှယ်ယာတန်ဖိုးများမြင့်တက်လျှက်ရှိသည်။ အဆိုပါနှစ်နိုင်ငံအတွင်း မကြာမီ လက်ထပ်ပွဲ ရာသီကို ရောက်ရှိလာတော့မည်ဖြစ်သဖြင့် ထိုနှစ်နိုင်ငံအတွင်း စားအုံးဆီဝယ်လိုအားမြင့်တက်လာနိုင် ကြောင်းလည်း သုံးသပ်ထားသည်။

🔘မြန်မာနိုင်ငံအနေဖြင့် ယခင်က တစ်လလျှင်စားအုံးဆီတန်ချိန် ၇၀,၀၀၀ တင်သွင်းခွင့်ပြုခဲ့ရာမှ ယခုအခါ တန်ချိန် ၅၀,၀၀၀ သို့လျှော့ချတင်သွင်းခွင့်ပြုခဲ့ပြီး ပြည်တွင်းမှစိုက်ပျိုးထွက်ရှိသည့် မြေပဲနှင့်နှမ်း ဆီထွက်သီးနှံများကိုပြည်ပတင်ပို့မှု ကန့်သတ်လိုက်သည်။ ပြည်တွင်းမှထွက်ရှိသော ဆီထွက်သီးနှံများမှ စားဆီထုတ်လုပ်သုံးစွဲနိုင်ရန်ရည်ရွယ်ရင်းဖြစ်သော်လည်း ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်မှာ ယခင် ကတည်းက ကာလရှည်အစီအစဥ်ချ၍ ဆောင်ရွက်သင့်သည်။ တစ်နိုင်ငံလုံးဆီစားသုံးမှုပမာဏ၊ ပြည်ပတင်သွင်းမှု၊ ပြည်ပသို့ ဆီထွက်သီးနှံတင်ပို့ရောင်းချမှု၊ နှစ်စဥ်စိုက်ပျိုးထွက်ရှိမှုတို့အပေါ်အခြေခံ၍ ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် ရည်ရှည်အစီအမံများချမှတ်ကာ စိုက်ပျိုးမြေတိုးချဲ့ခြင်း၊ ထွက်နှုန်းတိုးတက်စေရန် ခေတ်မီနည်းစနစ်နှင့်မျိုး ၊ စားဆီထုတ်လုပ်သည့်လုပ်ငန်းများဖွံ့ဖြိုးတိုးတက် စေရေး စသည့်အစီအမံများလိုအပ်သည်။

🔘ယခုလက်ရှိအခြေအနေများအရ ပြည်တွင်းစိုက်ပျိုးထွက်ရှိသည့် ဆီထွက်သီးနှံများဈေးကျဆင်းမှု ဖြစ်ပေါ်လျှက်ရှိသော်လည်း ပြည်ပမှဆီတင်သွင်းမှုနှင့် ပြည်ပနိုင်ငံများ၏ စားအုံးဆီထုတ်လုပ်တင်ပို့မှု ဂယက်သည် မြန်မာနိုင်ငံအတွက်အကျိုးသက်ရောက်မှုများစွာရှိနေပြီး ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားသောနိုင်ငံတစ်နိုင်ငံအနေဖြင့် စားသုံးဆီနှင့် ဆီထွက်သီးနှံဈေးနှုန်းများမှာ ဈေးအမြင့်ဖြင့်သာ ဆက်လက်ရှိနေနိုင်ကြောင်း သုံးသပ်ပါသည်။

🔘သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ဧရာကုန်သွယ်မှုဗဟိုဌာန

13-5-2022