menu

ပြည်ပသို့ စပါးတန်ချိန်နှစ်သိန်း ပထမဆုံးအကြိမ် တင်ပို့မည်

ပြည်ပသို့ စပါးတိုက်ရိုက်တင်ပို့ရန် အစိုးရ၏ စမ်းသပ်ခွင့်ပြုချက်ဖြင့် ပထမဆုံးအကြိမ် စပါးတန်ချိန်နှစ်သိန်း တင်ပို့ ရောင်းချမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။ 

ယခုလမှ ဒီဇင်ဘာလကုန်အထိ စပါးတန်ချိန်နှစ်သိန်းကို ကနဦးစတင် ပို့မည်ဖြစ်ပြီး လိုအပ်ပါက စပါးတန်ချိန် ငါးသိန်း ဆက်လက်တင်ပို့ရန်လည်းရှိကြောင်း သိရသည်။ အဆိုပါစပါးတင်ပို့မှုကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကုန်၌ အပြီးတင်ပို့ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဈေးကွက်ဆိုင်ရာ သုံးသပ် အကြံပြုတင်ပြရေးကော်မတီက ဆုံးဖြတ်ကာ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ သို့သော် မည့်သည့်နိုင်ငံသို့ တင်ပို့မည်ကိုမူ လက်ရှိ တွင် မသိရသေးပေ။ 

“စပါးတင်ပို့ခွင့်ကို လွတ်လွတ်လပ် ပေးထားပါတယ်“ ဟု ဆန်စပါးအသင်း ချုပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ထို့ကြောင့် ဝယ်သူနှင့် ရောင်းသူနှစ်ဦးနှစ်ဖက်စာချုပ်ချုပ်ဆိုပြီး တရားဝင် လိုင်စင်လျှောက်ထား၍ လွတ်လပ်စွာ တင်ပို့ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် တရုတ်နိုင်ငံ၏ ပုံမှန် ဝယ်ယူမှုလျော့ကျသွားခြင်းကြောင့် ပြည်တွင်းဆန်လက်ကျန် ငါးသိန်းကျော်ရှိနေ သည်။ 

သို့သော်လည်း တစ်ဖက်တွင် ပြည်ပသို့ စပါးအတိုင်း တင်ပို့နေပါက ပြည်တွင်း ၌ ဆန်ကွဲ၊ ဖွဲနုစသဖြင့် ကုန်ကြမ်းများ ရှား ပါးလာနိုင်သည့်အတွက် ဝေဖန်ထောက်ပြ မှုအချို့လည်းရှိကြောင်း ဆန်ကုန်သည် အချို့က သုံးသပ်ပြောဆိုသည်။ လွတ်လပ်သော တောင်သူလယ် သမားများအသင်းက စပါးအတိုင်း ပြည်ပ သို့ တင်ပို့ခွင့်ပေးရေးအတွက် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုး ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့ထံ စာပို့တင်ပြမှုများ ပြုလုပ်ထား သည်။

စပါးတင်ပို့ခွင့် ပေးတဲ့အချက်တော့ ကြိုက်တယ်။ သဘောကျတယ်။ ဒါပေမယ့် အစိုးရက ဘယ်လိုမျိုးတင်ပို့ခွင့် ပေးမှာလဲဆိုတာ သဲသဲကွဲကွဲအဖြေက ရှိသေးတယ်။ ကုန်သည်လက်ထဲ ပုံအပ်ပြီးတော့ ပို့ခွင့်ပြုတာမျိုးဆိုရင် တောင်သူတွေ တိုက်ရိုက်အကျိုးရှိမှာ မဟုတ်ဘူး“ ဟု တွံတေးမြို့နယ်၊ ပဒါန်ရေကျော်ကျေးရွာ က တောင်သူဦးခင်ထွေးက မှတ်ချက်ပြုသည်။ 

အစိုးရက အောက်တိုဘာ ၁၅ ရက် တွင် အစိုဓာတ် ၁၄ ရာခိုင်နှုန်းနှင့် အဖျင်း အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်သည့် စပါး တင်း ၁ဝဝ လျှင် ကျပ်ငါးသိန်းသတ်မှတ်သည်ဟု ကြေညာလိုက်ကြောင့် တောင်သူများက ထုတ်လုပ်မှုကုန်ကျစရိတ်နှင့်မကာမိဟုဆိုကာ ဝေဖန်ပြောဆိုမှုများ ဖြစ်ပေါ် လျက်ရှိသည်။ 

မြန်မာနိုင်ငံ၌ မိုးစပါးစိုက်ရာသီ တွင် နှစ်စဉ် စိုက်ဧက ၁၄ သန်းခွဲခန့်ရှိပြီး စပါးတန်ချိန်အနေဖြင့် ၁၉ သန်းခွဲခန့် ထုတ်လုပ်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စာရင်းများအရ သိရသည်။ အလားတူ မြန်မာနိုင်ငံ စပါးထုတ် လုပ်မှုစုစုပေါင်း၏ ၇၇ ရာခိုင်နှုန်းကျော်ကို မိုးရာသီတွင် အဓိကစိုက်ပျိုးထုတ်လုပ်နေ ခြင်းဖြစ်သည်။ 

Source: The Farmer Myanmar