menu

ပြည်တွင်း မြေပဲဆံဈေးကွက် အခြေအနေ .....


🥜🥜🥜🥜🥜🥜🥜🥜🥜🥜

🔸 ပြည်ပမှဝယ်လိုအားမရှိခြင်း၊ ပြည်တွင်းဆီစက်များက မြေပဲဝယ်လိုအား လျှော့ချခြင်းတို့ကြောင့် ပြည်တွင်းဈေးကွက်၌ မြေပဲဆံဈေးနှုန်းများကျဆင်းပြီး စိုက်ပျိုးသူတောင်သူများ အကျိုးအမြတ် မရရှိကြောင်း ကုန်သည်အချို့ကပြောသည်။

🔸 Export တင်ပို့သည့် မြေပဲအနီလုံးဆံနှင့် အဖြူလုံးဆံသည် လက်ရှိပြည်ပသို့တင်ပို့နိုင်မှုမရှိဘဲ ပြန်လည်စိုက်ပျိုးရန် မျိုးအဖြစ်ဝယ်ယူမှုသာရှိခြင်းကြောင့် တစ်ပိဿာကို ၆,၅၀၀ မှ ၇,၇၀၀ ကျပ်အထိဈေးရရှိကြောင်း၊ လက်ကားဈေးကွက်တွင် အနီလုံးဆံနှင့်အဖြူလုံးဆံသည် တစ်ပိဿာ ၆,၀၀၀ ကျပ်ဝန်းကျင် ဈေးရှိကြောင်း၊ မြေပဲဆီကြိတ်သည့် ဆီဆံဈေးကွက်သည်လည်းကျဆင်းလာရာ တစ်ပိဿာကို ၅,၅၀၀ ကျပ် အများဆုံးဈေးပေးကြောင်းသိရသည်။

🔸 “ပဲဆံဈေးက ၃ရက်လောက်က ဈေးတစ်ချီတက်လာပြီး ၅,၅၀၀ တန်တွေက (၅,၇၀၀ - ၅၈၀၀) ဖြစ်တယ်၊ တစ်မြန်တစ်နေ့လောက်ကစပြီး ဈေးကွက်ပြန်အေးသွားတယ် ၅,၇၀၀ ၊ ၅,၈၀၀ ကနေ ၅,၅၀၀ လောက် ပြန်ဖြစ်သွားတယ်။ အနီလုံးဆံရော အဖြူလုံးဆံရောကတော့ မျိုးဆိုရင် ၆,၅၀၀ ကနေ ၇,၅၀၀ အထိ ခေါ်ရောင်းကြတာရှိတယ်။ အဲ့ဒါတွေကအိတ်ရေများများရောင်းလို့မရဘူး။ မျိုးစိုက်မယ့်သူတွေပဲဝယ်တာ။ တစ်ပိုင်းနှစ်ပိုင်း၊ အလွန်ဆုံးမှ ၁၀ပိုင်း ၁၅ပိုင်း ဂိတ်ကုန်ပေါ့။ လက်ကားလိုင်းသမားဈေးကတော့ ၆,၀၀၀ ပတ်လည်မှာပဲဝယ်နေတယ်” ဟု မန္တလေးမြို့ ဝင်းဝင်းပွဲရုံမှ ကိုရဲမိုးက နိုဝင်ဘာလ(၁၁) ရက်နေ့တွင် ပြောသည်။

🔸 ယခင် မြန်မာနိုင်ငံမှထွက်ရှိသည့်မြေပဲဆံများကို ကုန်သည်များမှဝယ်ယူပြီး တရုတ်နှင့် ထိုင်းနိုင်ငံကို တင်ပို့သဖြင့် ဈေးကောင်းရခဲ့သော်လည်း လက်ရှိမြေပဲပေါ်သည့်ရာသီတွင် ပြည်ပကိုတင်ပို့နိုင်ခြင်း မရှိသဖြင့် မြေပဲဈေးကျဆင်းလာခြင်းဖြစ်ဟု သိရသည်။ ယခုမြေပဲပေါ်သည့်ရာသီတွင် မြေပဲဆံ ဈေးနူန်းများကျဆင်းနေသည့်အတွက် အရောင်းအဝယ်မရှိသလောက်ဖြစ်နေသည့်အပြင် မြေပဲစိုက်တောင်သူများလည်း အကျိုးအမြတ်မရရှိသော အခြေအနေမျိုးကို တောင်သူများ ကြုံတွေ့နေရသည်။

🔸 “အခုရတဲ့ မြေပဲဆီဆံ တစ်ပိဿာ ၅,၅၀၀ ဆိုတာက တွက်ကြည့်ရင် အရင်းပဲရတယ်။ အဲ့နူန်းထက်ပိုမှ အမြတ်ရမှာပါ။ အခုနှစ်က ကုန်ကျစရိတ်ကအကုန်တက်ပါတယ်။ တစ်ဧကကို ၇ သိန်းခွဲ ၈ သိန်းလောက်ကုန်ပါတယ်။ အထွက်နူန်းက မြေပဲအတောင့်ကို ၁၆တင်း ကနေ တင်း၂၀ လောက်ကပုံမှန်ပေါ့။ အဲ့ဒီအထွက်နူန်းနဲ့ အခု ၅,၅၀၀ ဈေးဆိုရင် အရင်းပဲရမယ်ပေါ့။ အဓိက တရုတ်ကိုမပို့နိုင်လို့ Export မရှိလို့ဈေးကကျနေတာ” ဟု မကွေးမြို့ မြေပဲခွဲစက်ပိုင်ရှင်တစ်ဦးမှ ပြောသည်။

🔸 ပြည်တွင်းဆီစက်များ အဓိကအများဆုံးအသုံးပြုသည့်မြေပဲဆီဆံသည် ပြည်ပတင်ပို့ရန်အရည်အသွေးမ ပြည့်မှီသည့် မြေပဲဆီဆံအနီနှင့် မြေပဲဆီဆံအဖြူ ပဲခြမ်းနှင့်ပဲလုံးအရောကို အသုံးပြုခြင်းဖြစ်ကြောင်း ၊ လက်ရှိတွင် မြေပဲဆံအဖြူဆီဆံ ပဲခြမ်းနှင့်ပဲလုံးအရောသည် တစ်ပိဿာလျှင် ၄,၀၀၀ ကျပ်အထက် တွင်သာရှိပြီး ယခင်က တစ်ပိဿာလျှင် ၅,၅၀၀ ကျပ် အထိရှိခဲ့ကြောင်းသိရသည်။ မကွေး ဈေးကွက်တွင်လည်း မြေပဲလုံးဆံနီ နှင့် လုံးဆံဖြူဈေးသည် တစ်ပိဿာကို ၅,၈၀၀ မှ ၆,၁၀၀ ကျပ်အထိသာ ဈေးရှိကြောင်းသိရသည်။

🔸 မြေပဲဆံဈေးကွက်သည် တရုတ်ကိုသာ ပြန်လည်တင်ပို့နိုင်မည်ဆိုပါက ပြည်တွင်းဈေးကွက်တွင် ဝယ်လိုအားပြန်လည်မြင့်တက်လာပြီး ဈေးနှုန်းအပြောင်းအလဲများလည်း ဖြစ်လာနိုင်ကြောင်း ကုန်သည်အချို့က သုံးသပ်သည်။ မြေပဲကို မကွေးတိုင်း၊ မန္တလေးတိုင်း တို့တွင်အဓိကစိုက်ပျိုးပြီး ကျန်သည့် ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင်လည်း စိုက်ပျိုးမှုရှိကြောင်းသိရသည်။

🔸 သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : Chit Khon Cho (AMIA)