menu

ပြည်တွင်း၌ ပြောင်းဈေးတက်နေ


🌽🌽🌽🌽🌽🌽🌽🌽🌽🌽

✔️လက်ရှိ ပြည်တွင်းအခြေအနေများကြောင့်ပြည်ပတင်ပို့မူ နည်းနေသော်လည်း ပြည်တွင်းလက်ကျန်နည်း သောကြောင့်ပြောင်းဈေး အတက်ဈေးတွင် ရှိနေကြောင်း ပြောင်းလုပ်ငန်းရှင်များထံမှ သိရသည်။ ပုံမှန်အားဖြင့် ထိုင်းဘက်သို့ တင်ပို့မူရပ်ပါက ဈေးအနည်းငယ်ပြန်ကျလေ့ရှိသော်လည်း ပြည်ပ မှ လိုအပ်ချက်ရှိနေသေးပြီးပြည်တွင်း၌လည်း လက်ကျန်နည်းနေသေး၍ ဈေးမှာအတက်ဈေးဖြင့် ငြိမ်နေသေးကြောင်းသိရသည်။

✔️“လက်ရှိ လောလောဆယ်တော့ပြည်တွင်း သုံးစွဲမူရယ်၊ တင်ပို့မူအနေနဲ့က Normal Trade ပဲ ရှိတယ်။ Border Trade တွေကမရှိဘူး ပိတ်ထားတယ်။ နယ်စပ်က ထိုင်းရော ၊ တရုတ်ရော မရှိပေမဲ့ တခြားနေရာ တွေကနေသွားလို့ရတဲ့အခြေအနေတွေရှိနေသေးတာရယ်။ ပြည်တွင်းမှာလည်း ပြောင်းရှားတဲ့ အနေအထားမှာ ရှိနေတာရယ်ကြောင့် အတက်ဈေးနဲ့ ငြိမ်နေသေးတယ်” ဟု မြန်မာနိုင်ငံပြောင်း လုပ်ငန်းအသင်း ဥက္ကဌ ဦးမင်းခိုင်က ပြောသည်။

✔️လက်ရှိပြည်တွင်းဈေး တစ်ပိသာလျှင် ကျပ် ၆၅၀ မှ ၆၈၀ ကြားဝန်းကျင်ထိရှိပြီး ပြည်ပသို့ တင်ပို့ဈေး တပိသာလျှင် ၇၀၀ အထိ ရှိကြောင်းသိရသည်။ လက်ရှိ တရုတ်နိုင်ငံတင်ပို့ရန် အတွက်လည်း နယ်စပ် ဂိတ်များ ပိတ်ထားပြီး ထိုင်းနိုင်ငံသို့ တင်ပို့နေခြင်းကိုလည်း စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ ရပ်နားထားကြောင်းသိရသည်။ သို့သော် ပင်လယ်ရေကြောင်း မှတဆင့် Normal Trade အနေဖြင့် အိန္ဒိယ နှင့်ဗီယက်နမ် ဘက်သို့ အနည်းငယ်သာ တင်ပို့နေကြောင်းလည်းသိရသည်။ “ယိုးဒယား ပိတ်တဲ့အချိန်မှာ တခြားလိုင်း မဖွင့်ဘူးဆိုရင်တော့ တောင်သူတွေဘက်က နစ်နာမူတွေ ရှိတယ်” ဟုသီပေါမြို့ရှိ ပြောင်းစိုက်တောင်သူတစ်ဦးကပြောသည်။

✔️ယင်းအပြင် တိရစ္ဆာန်အစာပြောင်းချဉ်ပတ်အနေဖြင့် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် ညှိနှိုင်း ဆွေးနွေး ထားရာ လက်ရှိတင်ပို့နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ “တရုတ်ကို ပြောင်းချဉ်ပတ် တင်ပို့လို့ရပြီ။ ဘယ်ကုမ္ပဏီက တင်ပို့မလဲဆိုတာကို အစိုးရပိုင်းဆိုင်ရာ စိုက်ပျိုးရေးဌာန ကိုတင်ပြပြီး ဟိုဘက်က ဝယ်လက်က လက်ခံနိုင်တဲ့အရည်အသွေးဖြစ်ရင် တင်ပို့ခွင့်ရပြီ ။ တရုတ်ကလဲ ရေရှည်ပိတ်လို့မရပါဘူး။ အခုက ရောဂါတွေကြောင့်ခဏပိတ်တာပါ ။ ၉လပိုင်း ၁၅ ရက်နေ့ဖွင့်မယ်လို့ သိရပါတယ်။ ဖွင့်တာနဲ့ တင်ပို့ဖို့လုပ်မှာပါ” ဟု အသင်း ဥက္ကဌဦး မင်းခိုင်ကပြောသည်။

✔️ထို့ကြောင့် တင်ပို့နေသည့် ပြည်ပနိုင်ငံများမှ ပြောင်းအထွက်နည်းနေပြီး လိုအပ်ချက်များရှိနေဦး မည်ဖြစ် ၍ ပြောင်းဈေးကွက်အနေဖြင့် ပိုမိုကောင်းသည့် အလားအလာရှိကြောင်းသိရသည်။ ထိုင်းနှင့် မြန်မာ ကြားတွင် လွတ်လပ်စွာကူးသန်းရောင်းဝယ်ခွင့်ပေးထားသော်လည်း ဖေဖော်ဝါရီလ မှ သြဂုတ်လ ၃၁ရက်နေ့အထိ တင်သွင်းပါက အခွန် သုည ဖြစ်ပြီး စက်တင်ဘာလမှစတင်ကာ ဖေဖော်ဝါရီလအထိ ထိုင်းသို့ ပြောင်းတင်ပို့မည်ဆိုပါက အခွန်ငွေ ပေးသွင်းရ၍လုပ်ငန်းရှင်များ တွက်ခြေမကိုက်သည့် အတွက် တောင်သူများနှင့်ပြောင်းလုပ်ငန်းရှင်များအနေဖြင့် ပြောင်းတင်ပို့မှုကို ရပ်နားထားကြခြင်း ဖြစ်ကြောင်း ကုန်သည်အချို့ထံမှ စုံစမ်းသိရသည်။

✔️ပြည်တွင်း တစ်နှစ်လျှင်စိုက်ပျိုးထုတ်လုပ်သည့် ပြောင်းတန်ချိန် (၂.၃)သန်း နှင့် (၂.၆)သန်း ကြားတွင် ထွက်ရှိလျက်ရှိကြောင်းသိရသည်။ ယင်းနိုင်ငံများသို့ လက်ရှိအချိန်အထိ တန်ချိန်နှစ်သန်းဝန်းကျင် တင့်ပို့ထားကြောင်းသိရသည်။ လက်ရှိ covidကာလဖြစ်သည့်အတွက် ပြည်ပသို့တင်ပို့ရာတွင် သယ်ယူပို့ဆောင်ရေးပိုင်းတွင် အခက်အခဲများ ရှိနေကြောင်းလည်းသိရသည်။

✔️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန်တင်ပြအပ်ပါသည်။

Credit to : အက္ခရာ (AMIA)