menu

ပြည်တွင်း ငရုတ်ဈေးကွက် အလားအလာ .....


🌶️🌶️🌶️🌶️🌶️🌶️🌶️🌶️🌶️🌶️

⏩ပြည်တွင်းမှထွက်ရှိသော ငရုတ်သီးစိမ်းများမှာ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံမှ ယခင်နှစ်များကဝယ်လိုအား ကောင်းခဲ့၍ ဈေးကောင်းရရှိခဲ့ပြီး လက်ရှိတွင်ပြည်ပဝယ်လိုအားမရှိဘဲ ဈေးကျဆင်းလျက်ရှိသော်လည်း ငရုတ်သီးခြောက်ဈေးကွက် အလားအလာကောင်းနိုင်ကြောင်း ငရုတ်သီးအစုအဖွဲ့မှ ဒေါ်ဥမ္မာက ပြောသည်။

⏩ငရုတ်သီးစိမ်းများကို တရုတ်ဘက်မှ ဝယ်လိုအားမရှိဖြစ်နေပြီး ထိုင်းဘက်တွင် ဝယ်လိုအား အနည်းငယ်သာရှိ၍ ဖေဖေါ်ဝါရီ (၂)ရက်က နယ်စပ်ပေါက်ဈေးမှာ တစ်ကီလိုလျှင် ယိုးဒယားငွေ ၂၈ဘတ်ထိကျဆင်းသွားသည် ဟု ဆိုသည်။

⏩“ငရုတ်သီးစိမ်းက ထိုင်းဈေးကွက်မှာ တစ်ကီလို ဘတ်ငွေ၅၀ ကျော်ထိရခဲ့ကြတယ်။ ခုပေါက်ဈေးက ဘတ်၃၀ကနေ ၂၈ဘတ်ဖြစ်သွားတော့ ဈေးထပ်ကျသွားတယ်။ ပြည်တွင်းက ငရုတ်သီးစိမ်းတွေ ရောင်းပေးတဲ့ ထိုင်းနယ်စပ်မှာ ပွဲရုံတွေအများကြီးရှိခဲ့ရာက ခုဆို တစ်ခုထဲရှိတော့တာကိုကြည့်ရင် ထိုင်းငရုတ် ဈေးကွက်အခြေအနေ ခန့်မှန်းလို့ရတယ်” ဟု ၎င်းကပြောသည်။

⏩လက်ရှိအချိန်တွင် တရုတ်နှင့်ထိုင်းဘက်မှ ငရုတ်သီးများ စိုက်ပျိုးထွက်ရှိချိန်ဖြစ်သောကြောင့် မြန်မာငရုတ်မှာ ဝယ်လိုအားမရှိသလောက်နည်းပါးသွားကြောင်း၊ ပြည်တွင်းမှ ငရုတ်စိုက်တောင်သူများ အနေဖြင့် ငရုတ်သီးစိမ်းများကို အခြောက်လှမ်း၍ ငရုတ်သီးခြောက်ဈေးကွက် ကောင်းနိုင်သည့်အတွက် ပြင်ဆင်ထားသင့်ကြောင်း သိရသည်။

⏩“ငရုတ်သီးဈေး ကောင်းတယ်လို့ ပြောကြပေမယ့် တကယ်လက်တွေ့မှာ ဈေးပေးဝယ်တာမရှိ သလောက်ပဲ။ ပြည်ပဝယ်လိုအားမရှိတော့ ပြည်တွင်းမှာပိုလျှံနေတယ်။ ငရုတ်သီးခြောက်မှာ ဈေးကောင်း ရနိုင်တာကြောင့် အခြောက်လှမ်းပြီး ငရုတ်သီးခြောက်ဈေးကွက်ကို စောင့်သင့်တယ်” ဟု ဆက်လက် ပြောကြားသည်။

⏩ပြည်တွင်းငရုတ်သီးစိမ်းများမှာ လာမည့်မတ်လဝန်းကျင်တွင် ဒေသအသီးသီးမှ ငရုတ်သီးစိမ်းများ ထွက်ရှိတော့မည်ဖြစ်၍ လက်ရှိဈေးကွက်တွင် တစ်ပိဿာငွေကျပ် ၂,၂၀၀၊ ၂,၄၀၀ကျပ် ဝန်းကျင်နှင့် တချို့ဒေသများတွင် ငွေကျပ် ၁,၈၀၀၊ ၂,၀၀၀ကျပ် ဝန်းကျင် ပေါက်ဈေးရှိရာ ငရုတ်စိုက်တောင်သူများ တွက်ခြေမကိုက်ဖြစ်နေသကဲ့သို့ အရောင်းအဝယ်အေးနေကြောင်း သိရသည်။

⏩သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း