menu

ပြည်တွင်းရော်ဘာ စျေးကွက်အခြေအနေ .....


🌳🌳🌳🌳🌳🌳🌳🌳🌳🌳

⏩ လက်ရှိဒေါ်လာစျေးအပြင် ကမ္ဘာ့ရော်ဘာစျေးပါ အမြင့်စျေးတွင်ရှိသောကြောင့် ပြည်တွင်းရော်ဘာ စျေးမြင့်တက်နေကြောင်း လုပ်ငန်းရှင်များထံမှသိရသည်။ ပြည်တွင်းရော်ဘာစျေးမှာ နိုင်ငံတကာပေါက်စျေးပေါ်မူတည်ပြီး စျေးအတက်အကျ ဖြစ်ပေါ်ခြင်းဖြစ်ပြီး လက်ရှိ နိုင်ငံတကာ ရော်ဘာပေါက်စျေးမှာ ယခုလက်ရှိ ဒေါ်လာ ၁,၆၅၀ မှ ၁,၇၀၀ အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

⏩ “ရော်ဘာစျေးကွက်ကတော့ ပုံမှန်ပါပဲ၊ အဓိက က ပြည်တွင်းဒေါ်လာစျေးတက်တော့ ရော်ဘာစျေး တက်တာပါ။ ကမ္ဘာ့စျေးကလဲ နည်းနည်းတက်တယ်။ ကမ္ဘာ့စျေးတက်ရင် ပြည်တွင်းရော်ဘာစျေးပါ လိုက်တက်တာပါ” ဟု မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောသည်။

⏩ ပြည်တွင်းရော်ဘာ တစ်ပေါင်လျှင် ၁,၃၅၀ ဝန်းကျင်မှ စတင်မြင့်တက်ခဲ့ရာ လက်ရှိတစ်ပေါင်လျှင် ၁,၄၁၀ ကျပ် ပေါက်စျေးထိရှိလာခြင်းဖြစ်သည်။ လက်ရှိ မိုးများဆက်ရွာသွန်းလာပါက ရော်ဘာခြစ်သည့် လုပ်ငန်းများရပ်နားဖွယ်ရာရှိပြီး မိုးပျက်လိုက်ရွာလိုက်သာဖြစ်ပေါ်ပါက လုပ်ငန်းများ ဆက်လက် လုပ်ကိုင်နေဦးမည်ဖြစ်ကြောင်းသိရသည်။

⏩ "အခုမုန်တိုင်းက ရော်ဘာထုတ်လုပ်တဲ့ဒေသဘက်တွေကို ဝင်ရောက်မှုသိပ်မရှိခဲ့တော့ ရော်ဘာ အထွက်နှုန်းကတော့ ကျဆင်းဖို့မရှိပါဘူး။ မိုးဆက်တိုက်ရွာသွန်းလာရင်တော့ ရော်ဘာလုပ်ငန်းတွေ နားရမှာပေါ့” ဟု အတွင်းရေးမှူး ဦးခိုင်မြင့်က ဆက်လက်ပြောသည်။

⏩ လက်ရှိတွင် ရော်ဘာကို နယ်စပ်တင်ပို့မှုထက် ပင်လယ်ရေကြောင်းမှ အဓိက တင်ပို့နေပြီး တရုတ်နိုင်ငံကို အဓိကတင်ပို့နေရကြောင်းသိရသည်။ ယခုနှစ်တွင် ပြည်ပသို့ တန်ချိန် သုံးသိန်း ပတ်ဝန်းကျင်ခန့်ထိ တင်ပို့ရန်လျာထားသော်လည်း ယခင်နှစ်များထက်တင်ပို့မှု လျော့ကျနိုင်ကြောင်း ခန့်မှန်ထားသည်ဟု သိရသည်။ ထိုကဲ့သို့ တင်ပို့မှုလျော့ကျနေရခြင်းမှာ တရားမဝင် ရော်ဘာတင်ပို့မှု များပြားလာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

⏩ ရော်ဘာတင်ပို့မှုအပိုင်းတွင် အခက်အခဲများဖြစ်ပေါ်နေသည့်အနက် ၃၅ ရာခိုင်နှုန်း နှင့် ၆၅ ရာခိုင်နှုန်း ကိစ္စမှာ တင်ပို့မှုများအတွက် ပိုမိုခက်ခဲနေကြောင်း သိရသည်။ လက်ရှိအချိန်အထိ ရော်ဘာတန်ချိန် နှစ်သိန်းခန့်သာ တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း မှသိရသည်။ ပြည်တွင်း၌ တစ်နိုင်ငံလုံး ရော်ဘာစိုက်ဧက တစ်သန်း ခြောက်သိန်း နှင့် လေးသောင်း ကျော်ထိရှိကြောင်း သိရသည်။

⏩ သီးနှံ၊ ဈေးကွက်နှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှု သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : AMIA