menu

ပြည်တွင်းဈေးကွက်ကိုသာ အားထားရတော့မည့် “မြန်မာ့စိန်တလုံးသရက်”


🥭🥭🥭🥭🥭🥭🥭🥭🥭🥭

⏯မြန်မာ့စိန်တလုံးသရက်သီးများ ပေါ်လာချိန်တွင် နယ်စပ်ဂိတ်မှ တရုတ်နိုင်ငံသို့ တင်ပို့မှု အခက်အခဲများရှိနေသဖြင့် ပြည်တွင်းဈေးကွက်ကိုသာ အားထားရောင်းချရမည်ဖြစ်ကြောင်း ပို့ကုန်သမားများနှင့် သရက်ခြံပိုင်ရှင်များထံက သိရသည်။

⏯တရုတ်ဈေးကွက်သို့ တင်ပို့ရာတွင် ယခင်က လတ်ဆတ်သီးနှံများတင်ပို့မှုဆိုင်ရာမူဝါဒအရ သရက်သီးကို ဦးစားပေးစနစ်ဖြင့် တရုတ်နယ်စပ်ဂိတ်များမှ ဝင်ရောက်ခွင့်ရရှိခဲ့သော်လည်း ယခုအခါ တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာတင်းကြပ်သည့် စစ်ဆေးမှုများအပြင် ကားလွှဲပြောင်းကာ တင်ပို့နေရခြင်းနှင့် ဆေးဖြန်းကာ (၄၈)နာရီကြာ နှစ်ဖက်စစ်ဆေးမှုများကြောင့် အချိန်ကြန့်ကြာမှုနှင့် ကုန်ကျစရိတ်များ ပိုမိုဖြစ်ပေါ်ပြီး တင်ပို့နိုင်ခြင်း မရှိသေးကြောင်း ခွာညိုပွဲရုံမှ ဦးစိုင်းခင်မောင်က ပြောသည်။

⏯“တရုတ်ဘက်က အကောက်ခွန်စနစ်အပြောင်းအလဲကြောင့် ပို့လိုမရသေးပါဘူး။ သူ့တိုဘက်က သွင်းကုန်ဂျူတီသတ်မှတ်ပြီးမှ ပို့လိုရမယ်။ နောက်ပြီး ပို့ကုန် အချိန်အပြောင်းအလဲ၊ ရောဂါစစ်ဆေးမှု တွေက ဒီအတိုင်းပုံမှန်စစ်နေမယ်ဆိုရင် သရက်သီး တင်ပို့ဖို့ခက်ခဲပါတယ်။ လက်ရှိအချိန်ထိတော့ မူဆယ်ဈေးကွက်ကို တင်ပို့သူမရှိသေးပါဘူး။ ပြည်တွင်းသရက်ခြံရှင်တွေအနေနဲ့ ပြည်တွင်းဈေးကွက် ကိုသာ အားပြုရောင်းချရမယ့် အခြေအနေပါ။ တရုတ်ဘက်က သရက်သီးကို ဦးစားပေး စစ်ဆေး ဝင်ရောက်ခွင့်ပေးရင်တော့ လက်ရှိငွေဈေးနဲ့ ဈေးကောင်းရရှိနိုင်တဲ့အခြေအနေပါ” ဟု ၎င်းကပြောသည်။

⏯သရက်သီးကို ယခင်က ၆ ဘီး၊ ၁၂ ဘီးကားများဖြင့်လည်း တစ်ခြံချင်းတင်ပို့ကြသလို စုပေါင်းပြီးလည်း တင်ပို့ခဲ့ကြသော်လည်း လက်ရှိတွင် စက်သုံးဆီဈေးမြင့်တက်နေခြင်းကြောင့် မူဆယ်ထိ ကားဈေးနှုန်းမှာ ကြီးမြင့်နေကာ တရုတ်နိုင်ငံသို့တင်ပို့ရာတွင်လည်း လမ်းရက်ကြာမြင့်နိုင်ခြင်းတို့ကြောင့် ပြည်တွင်း ဈေးကွက်အတွင်းသာ ရောင်းချလျက်ရှိကြောင်း နေပြည်တော်မှ သရက်ခြံပိုင်ရှင် ဦးသိန်းစိန်က ပြောသည်။

⏯“အရင်နှစ်တွေကတော့ ပွဲရုံတွေကို ကားစုပေါင်းငှားစနစ်နဲ့ တင်ပို့တယ်။ အပေါ်ပေါက်ဈေးလည်း သိထားတာဆိုတော့ ချိန်ဆတင်ပို့လိုရတယ်။ လက်ရှိမှာက ကုန်ကျစရိတ်ကလည်း မခန့်မှန်းနိုင်၊ ရောင်းရမယ့်ဈေးကလည်းမသိတော့ မတင်ပို့ဖြစ်တော့ဘူး။ နေပြည်တော်မှာ ရောင်းတာရောင်း၊ ရန်ကုန်ကိုလည်း တင်တယ်။ အသီးဈေးကတော့ အရည်အသွေးအလိုက်ပါ။ အရင်(၁၆)ကီလို ကျပ်၂၅,၀၀၀ လောက်က ဒီနှစ် ကျပ် ၄၀,၀၀၀ လောက်ရောင်းရပါတယ်။ ထိပ်စအသီးအထွက် နည်းပါတယ်။ အလတ်စအသီးများတယ်” ဟု ၎င်းကပြောသည်။

⏯စိန်တလုံးသရက်မှာ သင်္ကြန်အပြီးကာလမှ ဇွန်လလယ်အထိ လှိုင်လှိုင်ပေါ်ပြီး ပြည်တွင်း ပြည်ပ စားသုံးသူအကြိုက်များသည့် သရက်မျိုးဖြစ်သည်။ ခြံပိုင်ရှင်များအနေဖြင့်လည်း ယခင်နှစ်တွင် လုပ်သားစရိတ်၊ အိတ်စွတ်စရိတ်များကြောင့် ခြံပြုစုစရိတ်များပိုမိုကုန်ကျထားကြောင်းသိရသည်။

⏯သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (The Farmer Media)