menu

"ပြည်တွင်းဆီများကို ပြောင်းလဲသုံးစွဲလာတာကြောင့် ဆီစက်များ ပြန်လည်ထုတ်လုပ်အားကောင်းလာ"


🌻🥜🌻🥜🌻🥜🌻🥜🌻🥜🌻 

▶️ ပြည်တွင်းမှထွက်ရှိသော ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီများကို ပြောင်းလဲသုံးစွဲလာတာကြောင့် ပြည်တွင်းဆီစက်များ ပြန်လည်ထုတ်လုပ်အားကောင်းလာကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရသည်။ 

▶️ ပြည်တွင်းသို့စားအုန်းဆီတင်သွင်းမှု လျှော့ချထားတာကြောင့် ဆီစားသုံးမှုမှာ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ များကို ပြောင်းလဲသုံးစွဲမှု မြင့်မားလာတာကြောင့် ရပ်နားထားသည့် ပြည်တွင်းဆီစက်များ ပြန်လည်ထုတ်လုပ်အား ကောင်းနေခြင်းဖြစ်သည်။ 

▶️ ဇွန်လကုန်ပိုင်းက ဈေးကျဆင်းမှုရှိနေသည့် ပို့ကုန်ပဲများမှာ ဇူလိုင်လဆန်းတွင် အနည်းငယ်ဈေးပြန်မြင့်တက်လာကြောင်း ပြည်တွင်းသုံးကုလားပဲများနှင့် ပဲမာလိုင်းများမှာဈေးငြိမ်နေသည်။ ဇူလိုင်လဆန်းပိုင်းတွင် အသစ်ဝင်မတ်ပဲများမှာ အရည်အသွေးအနည်းငယ်ကျဆင်းမှုရှိတာကြောင့် ဈေးအနည်းငယ်လျော့ကျနေကြောင်း၊ ပြည်တွင်းဆီစားသုံးမှုပုံစံမှာ ပဲဆီကိုပိုမိုစားသုံးလာတာကြောင့်လည်း မြေပဲဆံအရောင်းအဝယ်မှာ ပဲ၊ နှမ်းဈေးကွက်အတွင်း အသွက်ဆုံးဖြစ်နေကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။ 

▶️ "ဇွန်လကုန်ပိုင်းက ဈေးအနည်းငယ်ကျဆင်းမှုရှိနေတဲ့ပို့ကုန်ပဲများ ဈေးအတက်အကျအနည်းငယ်သာရှိပြီး ဈေးတည်ငြိမ်နေပါတယ်။ အသစ်ဝင် မတ်ပဲများမှာ အရည်အသွေး အနည်းငယ်လျော့ကျလို့ ဈေးလည်းလျော့ပါတယ်။ လက်ရှိမှာ မြေပဲဆီရောင်းအားကောင်းနေလို့ မြေပဲဆံတစ်မျိုးသာ အရောင်းအဝယ်သွက်နေပါတယ်။ မန္တလေးပဲဈေးကွက်ထဲကို အညာမြေပဲဆံများ အဝင်နည်းနည်းချင်းသာ ဝင်ရောက်နေပါတယ်။ ဆီစက်ပိုင်များ၏ ဝယ်လိုအားနဲ့ မျှတနေလို့ ဈေးထူးထူးခြားခြား တက် တာမျိုးတော့မရှိပေမယ့် မန္တလေးဈေးကွက်တွင်သာ မြေပဲဆံလက်ကျန်ရှိပါတော့တယ်။ လက်ရှိမှာ တရုတ်လိုင်းတင်ပို့မှုကလည်း ရပ်နားနေပါတယ်။ အခြားပြည်တွင်းသုံး ကုလားပဲအုပ်စုနှင့် ပဲမာလိုင်းများကတော့ ဈေးငြိမ်နေပါတယ်" ဟု ၎င်းကပြောသည်။ 

▶️ ဇူလိုင်(၄)ရက်တွင် ပို့ကုန်မတ်ပဲမှာ အသစ်ဝင်ရောက်မှုများနှင့်အတူ အနည်းငယ်ဈေးကျဆင်းနေရာ မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၀၅,၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၄၂၇,၀၀၀ ပေါက်ဈေးဖြစ်လာသည်။ ပဲတီစိမ်းအညာတစ်အိတ်လျှင် ငွေကျပ် ၂၀၆,၀၀၀ ပေါက်ဈေးဖြစ်လာသည်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ဈေးတည်ငြိမ်နေရာ ဇူလိုင်(၄) ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၄၈,၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၅၅,၀၀၀၊ ထိုင်ဝမ်ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၃၅,၀၀၀၊ 929 ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၃၈,၀၀၀ အသီးသီး ပေါက်ဈေးရှိလာသည်။

▶️ ပဲနှမ်းဈေးကွက်အတွင်း မြေပဲဆံတစ်မျိုးသာ အဝင်ရှိသလောက် အရောင်းအဝယ်သွက်နေသည်။ ပြည်တွင်းသုံးပဲမျိုးစုံဈေးနှုန်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၉၀,၀၀၀၊ ပဲထောပတ် တစ်အိတ်လျှင် ငွေကျပ် ၄၅၀,၀၀၀၊ မြေထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၄၅,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၉၅,၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံးဆံ တစ်ပိဿာလျှင် ငွေကျပ် ၇,၆၀၀ ပေါက်ဈေးရှိနေပြီး မြေပဲဆီတစ်ပိဿာလျှင် ငွေကျပ် ၁၇,၀၀၀ ပေါက်ဈေးရှိနေသည်။ 

▶️ ဇူလိုင်(၄)ရက်တွင် နှမ်းမျိုးစုံ အနည်းငယ်ဆက်လက်မြင့်တက်လာရာ နှမ်းနက်စမုံတစ်အိတ်လျှင် ငွေကျပ် ၄၈၀,၀၀၀၊ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၀၀,၀၀၀၊ နှမ်းဖြူ(ရိုးရိုး)တစ်အိတ်လျှင် ငွေကျပ် ၃၇၅,၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၁၀,၀၀၀၊ ပန်းနှမ်းတစ်အိတ်လျှင် ၂၁၀,၀၀၀ အသီးသီး ပေါက်ဈေးရှိနေကြောင်းသိရသည်။ 

▶️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (မကွေးဂျာနယ်)