menu

ပြည်တွင်းသကြားဈေးကွက် အခြေအနေ


🎋🎋🎋🎋🎋🎋🎋🎋🎋🎋

◾️ပြည်တွင်းစားသုံမူနှင့် Export ပုံမှန်ရှိနေသည့်အတွက် လက်ရှိကာလမှာ နှစ်စဉ် သကြားစျေးကွက် အေးသည့်ရာသီ ဖြစ်သော်လည်း ယခုနှစ်ရာသီတွင် သကြားစျေး ကောင်းနေကြောင်း ကုန်သည်များထံမှ သိရသည်။ 

◾️ဒီဇင်ဘာလလယ် မှ စတင်ကာ သကြားကြိတ်သည့်ရာသီဖြစ်၍ သကြားအသစ်များပေါ်နေခြင်းဖြစ်ပြီး ယခုချိန်ကာလမှာနှစ်စဉ် သကြားစျေးအေးလေ့ရှိသည့်အတွက် တောင်သူများအနေဖြင့် ယခု ကြံကြိတ်ရာသီတွင် စျေးကွက်ကျဆင်းနိုင်မည်ဟု ခန့်မှန်းထားခဲ့ကြောင်း တောင်သူများထံမှသိရသည်။ 

◾️သို့သော် လက်ရှိတွင်ပြည်ပ Export ပုံမှန် သွားနေရပြီး mic တင်ပြရတော့မည်ဖြစ်၍ ပြည်ပမှသကြားတင်သွင်းမူမှာလည်းနည်းသွားသောကြောင့် သကြားစျေးမှာပုံမှန်တိုင်းဖြင့် အရောင်းဝယ်ရှိနေကြောင်းသိသည်။ 

◾️“အခုက ကြံကြိတ်ရာသီပေါ့ ၊ပုံမှန်ဆို ကြံကြိတ်ရာသီရောက်ရင် သကြားထွက်ပြီးမကြာဘူး သကြားစျေး က ကျလေ့ရှိတယ်။ ဒါပေမဲ့လက်ရှိမှာ ပြည်တွင်းကလည်း Exportထွက်တယ် ပြည်တွင်းကလည်း ပုံမှန်သုံးနေတယ်ဆိုတော့ သကြားစျေးအေးရမဲ့အချိန်မှာ သကြားက ပုံမှန်တိုင်းပဲဖြစ်နေတယ်” ဟု မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးစိန်ထွန်း ကပြောသည်။ 

◾️ပြည်တွင်းသကြားဈေးမှာ ပြီးခဲ့သည့်နှစ်များဖြင့်ယှဉ်ပါက အတက်စျေးတွင်ရှိနေကြောင်း သိရသည်။ပြီးခဲ့သည့်နှစ်ယခုကာလတွင် သကြားစျေး တစ်ပိဿာလျှင် အများဆုံး ၈၀၀ မှ ၉၀၀ ဝန်းကျင်ခန့်သာရှိခဲ့ပြီး ယခုနှစ်တွင် သကြား တစ်ပိဿာလျှင် ၁,၈၀၀ ဝန်းကျင်ခန့်ထိရရှိနေကြောင်း သိရသည်။

◾️“ယခုနှစ်က သကြားအခြေအနေကောင်းနိုင်တဲ့အနေအထားပါ။ ဒေါ်လာစျေးမြင့်ခဲ့တုန်း ၁,၉၀၀ ထိရှိတယ် ကြားထဲမှာ ၁,၇၀၀ လောက်ဖြစ်သွားပြီး အခုသကြားကြိတ်ရာသီမှာ ၁,၈၀၀ ဝန်းကျင်ထိ ဖြစ်ပြီး အခုထိပြန်မကျသေးဘူး။ အခုက ဒေါ်လာစျေးတက်နေတယ် ပြီးတော့ ပြည်ပကတင်သွင်းရင် mic တင်ပြရတယ်ဆိုတော့ ပြည်ပကနေသကြားသိပ်မသွင်းကြတော့ဘူးလေ။ ပြည်တွင်သကြားစျေး ကွက် ပိုရတာပေါ့” ဟု သကြားကုန်သည်တစ်ဦးကပြောသည်။ 

◾️ကိုဗစ်ကြောင့် ပြီးခဲ့သည့်နှစ်များက သကြားစျေးကွက်မှာအရှုံးပေါ်ခဲ့ပြီး ကြံစိုက်ဧကများကို လျော့ချ စိုက်ပျိုးခဲ့ ခြင်းများလည်း ရှိခဲ့ကြောင်း ကြံစိုက် တောင်သူများထံမှသိရသည်။ ပြည်တွင်း၌ နှစ်စဉ် သကြားတန် ၅သိန်းဝန်းကျင်ထိထွက်ရှိနေလျက်ရှိကြောင်း သိရသည်။ လက်ရှိ Export အနေဖြင့် ဗီယမ်နမ် သို့ အများဆုံး တင်ပို့နေရကြောင်း သိရပြီးယခုနှစ်တွင် ပြည်ပသို့ ပြည်တွင်းထွက်ရှိမူ၏ ၅၀ ရာခိုင်နှုန်းခန့် တင်ပို့ရန်လျာထားကြောင်းလည်း သကြားကုန်သည်များထံမှ သိရသည်။

◾️ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Sources : AMIA Market News