menu

ပြည်တွင်းနှမ်းနက်(စမုံ) လက်ကျန်နည်းနေကာ စျေးငြိမ်နေ



🌱🌱🌱🌱🌱🌱🌱🌱🌱🌱

✔️ ယခုရက်များတွင် ပြည်တွင်း၌ နှမ်းနက်(စမုံ)လက်ကျန်နည်းလာကာ စျေးငြိမ်နေကြောင်း နှမ်းကုန်သည်များထံမှ သိရသည်။

✔️ ယခင်က မြန်မာ့နှမ်းကို တရုတ်၊ ဂျပန်၊ စင်ကာပူနှင့် ထိုင်၀မ်တို့ကိုလည်း တင်ပို့လေ့ရှိပြီး နှမ်းလက်ကျန်နည်းနေကာ တစ်ချို့နိုင်ငံများမှာ တင်ပို့ရန်ခက်ခဲမှုများရှိသောကြောင့် တရုတ်နိုင်ငံ တစ်ခုတည်းက တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ပြည်တွင်းနှမ်းစျေးကွက်မှာ အဝယ်သိပ်မရှိကြောင်းလည်း နှမ်းကုန်သည်အချို့ကပြောသည်။ 

✔️ “နှမ်းကစျေးငြိမ်နေတယ်။ နှမ်းအသစ်ပေါ်မှပဲ ပြန်စတော့မယ်။ အခုကတရုတ်ဝယ်လက်တစ်ခုပဲရှိတယ်။ ဒီစျေးမှာပဲတန်းနေတာကြာပြီ။ တက်လဲမတက်ဘူး ကျလဲမကျဘူး ဖြစ်နေတယ်။ ပစ္စည်းကလဲ သိပ်မရှိဘူး။ လိုတဲ့အခါဝယ်ကြ မလိုတဲ့အခါ မဝယ်လိုက်ပေါ့” ဟု အောင်လံမြို့မှ နှမ်းကုန်သည် ဦးအောင်မိုးက ပြောသည်။

✔️ လက်ရှိ နှမ်းနက်(စမုံ)၄၅ပိဿာ၀င်တစ်အိတ်ကို သုံးသိန်းကျော်ဖြင့် စျေးငြိမ်နေသည်မှာ ရက်အနည်းငယ် ကြာနေပြီဖြစ်ကြောင်းသိရသည်။ လက်ရှိကာလတွင် တရုတ်ဘက်မှ လိုမှသာဝယ်ယူမှုရှိ၍ ပြည်တွင်း၌ အရောင်းအဝယ်သိပ်မရှိကြောင် နှမ်းExporterတစ်ဦးက ပြောသည်။

✔️ “ပစ္စည်းက မရှိလို့သာ ရှိရင်လဲစျေးကွက်အေးသွားနိုင်တာပေါ့။ အခုပစ္စည်းကမရှိတော့ အရောင်းအဝယ် မသွက်ဘူး။ မသွက်ဘူးဆိုပေမဲ့ လိုအပ်တဲ့အခါ ထထဝယ်တယ်။ တရုတ်နိုင်ငံတစ်ခုထဲကိုပဲ နှမ်းနက်(စမုံ)ကို တင်ပို့နေတယ်။ တရုတ်ဘက်ကို နယ်စပ်ကနေတဆင့်ပဲသွားနေတယ်။ ဒါပေမဲ့ Demand သိပ်မကောင်းဘူး” ဟု မန္တလေးမြို့မှ နှမ်းကုန်သည်တစ်ဦးကပြောသည်။

✔️ ပြည်တွင်းနှမ်းများကို တစ်နှစ်လျှင် တရုတ်ဘက်သို့တန်ချိန် ၃သိန်းခန့် တင်ပို့လျက်ရှိကြောင်းသိရသည်။ နှမ်းစျေးကွက်မှာ အက်စစ်အောင်သည့်နှမ်းများသာ အဓိကထားအရောင်းအဝယ်လုပ်ကြပြီး လက်ရှိ အက်စစ်အောင်သည့်နှမ်းမှာလည်း စျေးကွက်တွင်မရှိတော့ကြောင်း သိရသည်။ 

✔️ နှမ်းအသစ်များမှာ စက်တင်ဘာလလယ်ခန့်မှသာ ပြန်လည်ပေါ်မည်ဖြစ်ပြီး နှမ်းစိုက်ချိန်က မိုးခေါင်ခဲ့သည့်အတွက် အထွက်နှုန်းကျဆင်းနိုင်ကြောင်းသိရသည်။ သို့သော် နောက်ပိုင်း မိုးပြန်လည်ဆက်တိုက်ရွာသွန်းလာပါက အထွက်နှုန်းကျဆင်းနိုင်မည် မဟုတ်ကြောင်း သုံးသပ်ကြသည်။

✔️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ဖိုးချဲ (AMIA)