menu

ပြည်တွင်းဝယ်လိုအား မရှိသဖြင့် ပန်းများ ဈေးနှုန်းကျဆင်းနေ


🌿🌼🌿🌸🌿🌺🌿🌹🌿🌷🌿

🔘မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထားသော ပန်းများအား ဈေးကွက်အတွင်း ဝယ်ယူသူမရှိသဖြင့် တစ်ဝက်ဈေးနှုန်းဖြင့် ရောင်းချနေရကြောင်း သီရိမာလာဈေးတွင် ပန်းရောင်းချသူ ဦးကျော်မြင့်ကပြောသည်။

🔘ကိုဗစ်-၁၉ကြောင့် ဘုရားပွဲ၊ နတ်ပွဲများ ရပ်နားထားရခြင်း၊ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများရှိခြင်းနှင့် မြို့နယ်ဖြတ်သန်းသွားလာ ကူးသန်းရောင်းချမှုများ နည်းပါးသွားခြင်းတို့ကြောင့် ယခုကဲ့သို့ ဈေးနှုန်းကျဆင်းလာကြောင်း ၎င်းကပြောသည်။ "ဈေးနှုန်းက ပြောကိုမရတဲ့ အခြေအနေဖြစ်နေတယ်။ ဝယ်သူက ခုရက်ပိုင်းတော်တော်နည်းတယ်။ နယ်က ဝင်လာတာတွေဆိုရင် ထက်ဝက်ဈေးနှုန်းလောက်နဲ့ရောင်းချနေရတယ်" ဟု ဦးကျော်မြင့်က ပြောသည်။

🔘ပြည်တွင်းပန်းအမျိုးအစားများဖြစ်သည့် ပတ္တမြားနီ၊ မိတ်ကပ် ထိပ်စပန်းများမှာ လက္ကားဈေးနှုန်း ၁၀ ခက်ပါ တစ်စီးလျှင် ကျပ် ၄၀၀-၅၀၀ မှ ယခု ကျပ် ၁၅၀-၂၀၀ သို့လည်းကောင်း၊ ရှိုးပန်းရောင်ပန်းမှာ ၁၀ခက် ပါတစ်စည်းလျှင် ယခင် ကျပ် ၅၀၀ ရှိခဲ့ရာမှ ယခု ကျပ် ၁၅၀ အထိသို့လည်းကောင်း ဈေးနှုန်း အသီးသီး ကျဆင်းလာသည်။

🔘"ဒီအချိန်က ဈေးကွက်အကောင်းဆုံးအချိန်ဖြစ်တယ်။ ပြင်ဦးလွင်ဘက်က စိုက်တဲ့ ပန်းတွေ မန္တလေးဈေးကွက်အတွင်းကို အများဆုံး ဝင်ရောက်တယ်။ အခုကတော့ အဝင်လည်းနည်းတယ်။ ရောင်းရတာလည်းနည်းတယ်။ "ဟု ဦးကျော်မြင့်က ဆက်လက်ပြောပြသည်။ ပြည်တွင်းပန်းအမျိုးအစားများတင်မက ပြည်ပမျိုးကို ပြန်လည်စိုက်ပျိုးထားသည့် လီလီပန်(လွင်မိုးပန်း)မှာလည်း ဝယ်လိုအားကြောင့် လက္ကားဈေးနှုန်း ၁၀ ပင်တစ်စီးလျှင် ယခင်က ၁၃,၀၀၀ ကျပ်မှ ယခု ၁၁,၀၀၀ ကျပ်သို့ ကျဆင်းလာကြောင်း ပန်းဝယ်ရောင်းပြုလုပ်သူ ဦးသိန်းထွန်းဦးက ပြောသည်။

🔘ပြည်တွင်းအမျိုးအစား ပန်းမျိုးများမှာ မတ်လမှစတင်ကာ ဇွန်လအထိ လှိုင်လှိုင်ထွက်ရှိပြီး မတ်လအတွင်း ဈေးနှုန်းအကောင်းဆုံးဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ တင်သွင်းလာသော ပန်းအမျိုးအစားများမှာ တစ်နှစ်ပတ်လုံး ဝင်ရောက်ပြီး တင်သွင်းရာလမ်းကြောင်းအခက်အခဲပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ကြောင်း သီရိမာလာဈေးအတွင်းရှိ ပန်းရောင်းချသူများကပြောသည်။ 

မျိုးသန့် (မြန်မာတောင်သူကြီးများဂျာနယ်)