menu

"ပို့ကုန် မတ်ပဲနှင့် ပဲစင်းငုံ ဈေးကွက်မြင့်တက်နေပြီး အရောင်းအဝယ်သွက်နေသည့် ပဲ၊ နှမ်း ဈေးကွက်"


🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘

✔️ ပို့ကုန် မတ်ပဲနှင့် ပဲစင်းငုံမှာ ဈေးကွက်တွင်အရောင်းအဝယ်ကောင်းနေပြီး ပြည်တွင်း ပဲ၊ နှမ်း ဈေးကွက်မှာလည်း အမြင့်ဈေးဖြင့် အရောင်းအဝယ်သွက်နေကြောင်း ပဲ၊ နှမ်း ကုန်သည်များထံမှ သိရသည်။ ဒီဇင်ဘာလကုန်ရက်များတွင် တရုတ်နိုင်ငံမှ အဝင်ကုန်များရှိလာတာနှင့်အတူ ကနေဒါ စားတော်ပဲဈေးကျလာပြီး ပို့ကုန်ပဲတီစိမ်းမှာ ဈေးကျဆင်းနေရာမှ ပြန်လည်ဈေးမြင့်တက်လာခြင်း ဖြစ်သည်။ ပဲမျိုးစုံဈေးကွက်မှာ နှစ်ဆန်းပိုင်းမှာ ဈေးကွက်စုံလင် အရောင်းအဝယ်ကောင်းလာမည် ဖြစ်ကြောင်း ကုန်သည်များကသုံးသပ်ထားသည်။

✔️ လာမည့်နှစ်ဆန်းပိုင်းမှာ အသစ်ဝင်ပဲများဖြင့် ပဲနှမ်းဈေးကွက်မှာ စုံစုံလင်လင် ဈေးကွက်ကောင်းလာမည့်အခြေအနေဖြစ်ကြောင်း၊ လက်ရှိမှာ အသစ်ဝင် ပဲစင်းငုံ နှင့် မတ်ပဲ၊ ပဲတီစိမ်း ဈေးကွက်တွင် ခပ်သွက်သွက်အရောင်းအဝယ်ဖြစ်နေသော်လည်း ဈေးနှုန်းတည်ငြိမ်မှုမရှိကြောင်း၊ နှမ်းမျိုးစုံဈေးကွက်မှာ ပြည်ပတင်ပို့မှုမရှိသေးသဖြင့် ပြည်တွင်းဈေးကွက်တွင်သာ ပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်း၊ နှစ်ကုန်ပိုင်းရောက်လာတာကြောင့် လက်ကျန်နည်းလာသည့် ပြည်တွင်းကုလားပဲဈေးကွက် တစ်အိတ်လျှင် ငွေကျပ် ၅,၀၀၀ မှ ၇,၀၀၀ ခန့်အထိ ဈေးမြင့်တက်လာသော်လည်း အရောင်းအဝယ်ပမာဏနည်းနည်းသာရှိကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။

✔️ "ပြည်တွင်းသုံးကုလားပဲတွေ နှစ်ကုန်လက်ကျန်နည်းလာတော့ ဈေးမြင့်တက်လာပါတယ်။ကုလားပဲအမျိုးအစားအလိုက် တစ်အိတ် ငွေကျပ် ၅,၀၀၀ ခန့် ဈေးမြင့်တက်လာတာပါ။ ပဲစင်းငုံ တစ်အိတ်ငွေကျပ် ၃၁၅,၀၀၀ ထိ ဈေးမြင့်တက်လာပါပေမယ့် မတ်ပဲဈေး ကတော့ ယခင်သီတင်းပတ်ထက် ဈေးကျဆင်းသွားပါတယ်။ ဈေးကွက်ကျဆင်းနေတဲ့ ပဲတီစိမ်းကတော့ ဈေးပြန်ကောင်းလာပါတယ်။ ပဲတီစိမ်းဈေးက အနိမ့်ဈေးဆိုတော့ လှောင်လက်သမားဈေးကြိုက်လို့ အဝယ်ကောင်း ဈေးမြင့်တက်လာကာ တစ်အိတ် ငွေကျပ် ၁၉၀,၀၀၀ ဖြစ်လာပါတယ်။ နှမ်းမျိုးစုံနဲ့ မြေပဲဈေးကတော့ ပုံမှန်သာရှိနေပါတယ်။ ကနေဒါစားတော်ပဲကတော့ တရုတ်လမ်းကြောင်းတွေအဝင်ရှိလာလို့ ဈေးကျဆင်းသွားပါတယ်။ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံးမှာ လာမည့်နှစ်သစ်မှာသာ အဝင်စုံစုံလင်လင်ဖြင့် ဈေး ကွက်ကောင်းလာနိုင်ပါမယ်" ဟု ၎င်းက ပြောသည်။

✔️ ဒီဇင်ဘာ(၂၈)ရက်တွင် မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၈၀,၀၀၀ ၊ ပဲစင်းငုံ ပိဿာ ၆၀ သုံးတင်းတစ်အိတ်လျှင် ငွေကျပ် ၃၁၅,၀၀၀ ပေါက်ဈေးရှိနေသည်၊၊ ပဲတီစိမ်းအညာ ၅၆ . ၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၁၈၀,၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက်လာသည်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ပုံမှန်ဈေးသာရှိနေပြီး ဒီဇင်ဘာ(၂၈)ရက်တွင် ကုလားပဲ V2တစ်အိတ်လျှင် ငွေကျပ် ၂၈၇,၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ် ၂၉၀,၀၀၀၊ ထိုင်ဝမ်ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၆၇,၀၀၀၊ ၉၂၉ ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၇၅,၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက်လာသည်။

✔️ ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၄၂၈,၅၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၄၄၀,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၄၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၃၀,၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၇၅,၀၀၀၊ မြေပဲအနီလုံး ဆံ(မြင်းမူ) တစ်ပိဿာလျှင် ငွေကျပ် ၆,၉၀၀ - ၇,၀၀၀ ပေါက်ဈေးမြင့်တက်လာသည်။ ဒီဇင်ဘာ(၂၈) ရက်တွင် နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၆၀,၀၀၀၊ နှမ်းညို (သစ်)တစ်အိတ်လျှင် ငွေကျပ် ၃၀၀,၀၀၀၊ နှမ်းနက်စမုန်တစ်အိတ်လျှင် ငွေကျပ် ၃၅၀,၀၀၀ ပေါက်ဈေးအထိဈေးမြင့်တက်ကြောင်း သိရသည်။

✔️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (မကွေးဂျာနယ်)