menu

"ပို့ကုန်ပြောင်းသီးနှံကို ဈေးကောင်းပေးဝယ်ယူတင်ပို့နေ"


🌽🌽🌽🌽🌽🌽🌽🌽🌽🌽

✔️ ပြည်တွင်းပြောင်းစိုက်တောင်သူများအနေဖြင့် ပြောင်းသစ်များပေါ်လာချိန်တွင် ပြောင်းဈေးကောင်းလာရာ ပြောင်းတစ်ပိဿာလျှင် ငွေကျပ် ၁,၆၀၀ ခန့် ရရှိလာကြောင်း တောင်သူများထံကသိရသည်။

✔️ ပြည်ပသို့ပြောင်းတင်ပို့မှုမှရရှိလာသည့် ပို့ကုန်ရငွေ ရရှိမှုပေါ် မူတည်ပြီး ပြည်တွင်းပြောင်းဈေး မှာ အတက်အကျ အနည်းငယ်ဖြင့် အရောင်းအဝယ်ဖြစ်လာကြောင်း၊ လက်ရှိ FOB ပေါက်ဈေးအတိုင်းတွက်ချက်ကာ ယခင်လို အမြတ်မချန်ဘဲ အရင်းမရှုံးဈေးဖြင့် ပို့ကုန်သမားများ ဈေးကောင်း ပေးဝယ်လာခြင်းဖြစ်ကြောင်း ပို့ကုန်သမားတစ်ဦးထံကသိရသည်။

✔️ "ယခုလက်ရှိ ပြောင်းဈေးမြင့်တက်နေခြင်းက ပို့ကုန်သမားတွေ အရင်းအတိုင်း အမြတ်မယူဘဲ တင်ပို့နေပါတယ်။ ရန်ကုန်အရောက်ဈေး၊ မန္တလေးအရောက်ဈေးကို သယ်ယူပို့ဆောင်စရိတ်ပေါင်းပြီး အရင်းမရှုံးတဲ့ဈေးနဲ့ တောင်သူတွေဆီက ဈေးကောင်းပေးဝယ်နေတာပါ။ အရင်ကဆိုရင် အနည်းဆုံး တစ်ပိဿာကို ငွေကျပ် ၅၀ ခန့် ဈေးခွာပြီးဝယ်ယူတာပါ။ ပို့ကုန်သမားတွေအနေနဲ့ ပို့ကုန်ရငွေရှိမှသာ နိုင်ငံခြားငွေဖြင့် ပြန်လည်တင်သွင်းမှုများ ပြုလုပ်နိုင်တဲ့မူဝါဒကြောင့် ပို့ကုန်ပေါ်မှာ အမြတ်မယူတော့ဘဲ တင်ပို့နေကြတာပါ။ ထိုင်းနိုင်ငံသို့ပြောင်းတင်ပို့မှု ပိတ်ထားချိန်ဖြစ်ပေမယ့် လက်ရှိမှာ ပြောင်းဝယ်လိုအား ကောင်းနေခြင်းဖြစ်ပါတယ်" ´ဟု ၎င်းကပြောသည်။

✔️ လက်ရှိပြောင်းဈေးကွက်တွင် ရန်ကုန်အရောက်ဈေး တစ်ပိဿာလျှင် ငွေကျပ် ၁,၆၀၀ ကျော်နှင့် မန္တလေးအရောက်ဈေး ၅၄ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၉,၀၀၀၀ ပေါက်ဈေးရှိနေပြီး နယ်ဈေးများမှာ သယ်ယူပို့ဆောင်စရိတ်လျှော့ပြီး ဝယ်ယူလျက်ရှိသည်။

✔️ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြောင်းတင်ပို့မှု မက်ထရစ်တန် ၂ သန်းကျော် တင်ပို့ထားပြီး စုစုပေါင်းတန်ချိန်သုံးသန်းကျော်တင်ပို့ရန် မျှော်မှန်းထားပြီးပို့ကုန်အမယ်များတွင် တတိယအများဆုံး နိုင်ငံခြားဝင်ငွေရရှိသည့် လယ်ယာထွက်ကုန်သီးနှံဖြစ်သည်။ ပြောင်းကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုများမှ အများဆုံးတင်ပို့လျက်ရှိသည်။

✔️ မြန်မာနိုင်ငံတွင် ပြောင်းစိုက်ပျိုးမှုအနေဖြင့် ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် အစေ့ထုတ်ပြောင်းနှင့် ဖူးစား ပြောင်းများကို ဒေသအလိုက် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

✔️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (မကွေးဂျာနယ်)