menu

"ပို့ကုန်ပဲများ ဈေးအနည်းငယ်ကျဆင်းသော်လည်း အရောင်းအဝယ်သွက်နေ"


🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘

↗️ ပို့ကုန်ပဲများ ဆက်လက်ဈေးကျဆင်းမှုရှိနေသော်လည်း ဈေးကွက်ပေါက်ဈေးအတိုင်း အရောင်းအဝယ်သွက်နေကြောင်း ပဲကုန်သည်များထံက သိရသည်။ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံးတွင် အိန္ဒိယ၏ ဝယ်လိုအားကျဆင်းမှုမရှိသော်လည်း ဒေါ်လာပေါက်ဈေးအခြေအနေ နှင့် ကုန်သွယ်ရေးမူဝါဒများကြောင့် ပို့ကုန်ပဲများဈေးကျဆင်းလာခြင်းဖြစ်သည်။

↗️ ပဲသစ်ရာသီအစ ပို့ကုန်ပဲများစံချိန်တင်ဈေးကောင်းခဲ့သော်လည်း ဖေဖော်ဝါရီသီတင်းပတ်တွင် ဈေး အနည်းငယ်ကျဆင်းလာကြောင်း ပြည်တွင်းသုံးကုလားပဲများလည်း လိုက်ပါဈေးကျဆင်းသွားကြောင်း ပြည်တွင်းသုံးပဲမာလိုင်းများတွင် အသစ်ဝင်ရောက်မှုနည်းသည့် ပဲထောပတ်နှင့် မြေထောက်ပဲတို့မှာ အမြင့်ဈေးဖြစ်နေကြောင်း လက်ရှိတွင်နှမ်းမျိုးစုံနှင့် မြေပဲဆံမှာလည်း ဈေးကျဆင်းနေပြီး ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး လက်ရှိပေါက်ဈေးများအတိုင်း အရောင်းအဝယ်ကောင်းကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင် က ပြောသည်။

↗️ "ပို့ကုန်ပဲတွေကတော့ ဈေးကျဆင်းလာပါတယ်။ ပဲစင်းငုံ၊ မတ်ပဲတွေကနေ စတင်ဈေးကျဆင်းနေတာ ပြည်တွင်းကုလားပဲတွေလည်း လိုက်ပါဈေးကျဆင်းလာပါတယ်။ မတ်ပဲဆိုရင် တစ်အိတ်လျှင် ငွေကျပ် ၂၈၀,၀၀၀ ဝန်းကျင်နဲ့ ပဲစင်းငုံ တစ်အိတ် ၃၇၂,၀၀၀ လောက်ထိ ဈေးကျဆင်းပါတယ်။ ပြည်တွင်းပဲမာလိုင်းတွေကတော့ ဈေးသိပ်မကျဘဲ ပုံမှန်ဈေးအေးသွားပါတယ်။ ပို့ကုန်ပဲတွေကတော့ ဈေးအကျ ကြမ်းသွားတာပါ။ ဝယ်လိုအားကတော့ မကျပါဘူး။ ဈေးကျဆင်းပေမယ့်ပေါက်ဈေးအတိုင်း အရောင်းအဝယ်ဖြစ်နေပါတယ်။ ယခင်ကြိုရောင်းသမားတွေကတော့ ဈေးကျဆင်းချိန်အဝယ် ကောင်းနေပါတယ်။ လှောင်သမားတွေဆီမှာတော့ ဈေးအမြင့်နဲ့ဝယ်ထားတာတွေများခဲ့ပါတယ်။ ပဲမာလိုင်းများမှာတော့ အမြင့်ဈေးတွေအတိုင်းရှိနေတာပါ။ တစ်အိတ်လျှင် ငွေကျပ် ၄၀၀,၀၀၀ ကျော်ပဲတွေကတော့ ဈေးကောင်းနေတာပါ။ နှမ်းမျိုးစုံလိုင်းနဲ့ မြေပဲလုံးဆံကတော့ ဈေးအေးနေပါတယ်။ ပဲနှမ်းဈေးကွက်တစ်ခုလုံးမှာ ဈေးကျဆင်းပေမယ့် လက်ရှိပေါက်ဈေးအတိုင်း ပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်" ´ဟု ၎င်းကပြောသည်။

↗️ ဖေဖော်ဝါရီ (၁၅) ရက်တွင် မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၀,၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၃၈၃,၀၀၀ ပေါက်ဈေးဖြစ်လာသည်။ ပဲတီစိမ်းအညာတစ်အိတ်လျှင် ငွေကျပ် ၂၀၀,၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက်လာသည်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ အနည်းငယ်ဈေးကျဆင်း နေပြီး ဖေဖော်ဝါရီ (၁၅) ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၆၅,၀၀၀ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၇၀,၀၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၀,၀၀၀၊ 929 ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၆၀,၀၀၀ ထိ ဈေးကျဆင်းသွားသည်။

↗️ ပြည်တွင်းသုံးပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၅၀,၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၄၈၀,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၇၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ် အိတ်လျှင် ငွေကျပ် ၃၅၀,၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၅,၀၀၀၊ မြေပဲအနီ လုံးဆံ(မြင်းမူ) တစ်ပိဿာလျှင် ငွေကျပ် ၈,၅၀၀ - ၈,၇၀၀ ထိ ဈေးများကျဆင်းသွားသည်။

↗️ ဖေဖော်ဝါရီ (၁၅) ရက်တွင် နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၄၀၀,၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၁၅,၀၀၀၊ နှမ်းဝါတစ်အိတ်လျှင် ငွေကျပ် ၃၂၀,၀၀၀၊ နှမ်းနက်စမုံတစ်အိတ်လျှင် ငွေကျပ် ၃၈၀,၀၀၀ အသီးသီး ဈေးကျဆင်းသွားကြောင်းသိရသည်။

↗️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (မကွေးဂျာနယ်)