menu

ပို့ကုန်ပဲများဈေးငြိမ်နေပြီး မြေပဲဆံ နှင့် နှမ်းမျိုးစုံဈေးကျဆင်းနေ


🥜🫘🫛🫘🥜🫛🥜🫘🫛🫘🥜

✔️ ပို့ကုန်ပဲများဈေးငြိမ်နေသော်လည်း အသစ်ဝင်မိုးမြေပဲနှင့် နှမ်းမျိုးစုံဈေးကျဆင်းနေကြောင်း ပဲ၊ နှမ်း ကုန်သည်များထံက သိရသည်။ ပို့ကုန်ပဲများနှင့် ပြည်တွင်းသုံးကုလားပဲအုပ်စု ဈေးတက်ဈေးကျအနည်းငယ်နှင့်သာ အရောင်းအဝယ်အနည်းငယ်အေးနေသည်။

✔️ အောက်တိုဘာလဆန်းပိုင်းမှာ ပြည်တွင်းရွှေဈေးနှင့် ဒေါ်လာဈေးများကျဆင်းလာသော်လည်း ပဲ၊ နှမ်းဈေးကွက်မှာ ပို့ကုန်ပဲများနှင့် ပြည်တွင်းသုံး ကုလားပဲများမှာ ဈေးတည်ငြိမ်နေကြောင်း၊ ပြည်တွင်းသုံးပဲမာလိုင်းများမှာလည်း လက်ကျန်နည်းလာကာ ပဲသစ်စိုက်ပျိုးချိန်ဖြစ်သောကြောင့် ဈေးကျဆင်းမှုမရှိသော်လည်း အရောင်းအဝယ်အေးနေကြောင်း၊ မန္တလေးအောက်ပိုင်းဒေသများမှာ မိုးမြေပဲ အသစ်ဝင်ရောက်မှုများလာသဖြင့် မြေပဲလုံးဆံဈေးများကျဆင်းသလို မြေပဲဆီဈေးများလည်း လိုက်ပါကျဆင်းနေကြောင်း မန္တလေးတိုင်းဒေသကြီးကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

✔️ "ပြည်တွင်းသုံးကုလားပဲတွေက ဈေးနည်းနည်းတက် နည်းနည်းကျနဲ့ အရောင်းအဝယ်အေးနေပါတယ်။ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံးက လက်ကျန်ပဲမာလိုင်းတွေက ဈေးမတက်ဘဲ ဈေးငြိမ်နေပါတယ်။ ပို့ကုန်ပဲက အရောင်းအဝယ် အသံမကြားရပါဘူး။ မြေပဲဆံတွေကတော့ အရည်အသွေးကောင်းတဲ့ နွားထိုးကြီး မြေပဲဆံတောင် တစ်ပိဿာ ၇,၀၀၀ ဝန်းကျင်သာ ပေါက်ဈေးရှိပါတယ်။ မန္တလေးအောက်ပိုင်းနယ်စုံက မိုးမြေပဲဆံတွေ အဝင်များနေတော့ ဈေးကျဆင်းပါတယ်။ မြေပဲဆံ ဈေးကျဆင်းတော့ မြေပဲဆီလည်း ဈေးကျဆင်းလာပါတယ်။ လက်ရှိမှာ ဒေါ်လာဈေး ရွှေဈေးတွေ ကျဆင်းနေပေမယ့် ပဲ၊ နှမ်းဈေးကွက်မှာတော့ လက်ကျန်ပဲတွေ နည်းလာတော့ ဈေးကငြိမ်နေပါ တယ်" ဟု ၎င်းကပြောသည်။

✔️ အောက်တိုဘာ(၃)ရက်တွင် ပို့ကုန်မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၈၀,၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၄၅၀,၀၀၀ - ၄၆၀,၀၀၀ ပေါက်ဈေးဖြစ်လာသည်။ ပဲတီစိမ်းအညာတစ်အိတ်လျှင် ငွေကျပ် ၂၄၅,၀၀၀ ပေါက်ဈေးရှိနေသည်။ 

✔️ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ဆက်လက်ဈေးမြင့်တက်လာရာ စက်တင်ဘာ(၂၆)ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၃၁၃,၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၃၅၀,၀၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၅,၀၀၀၊ 929 ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၉၅,၀၀၀ အသီးသီးပေါက်ဈေးရှိနေသည်။

✔️ ပြည်တွင်းသုံးပဲမာလိုင်းများမှာ လက်ကျန်နည်းလာပြီး ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၉၅,၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၄၂၀,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၅၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၉၀,၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၅၇၀,၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံးဆံ တစ်ပိဿာလျှင် ငွေကျပ် ၈,၀၀၀ - ၈,၃၀၀၊ မျိုးမြေပဲတစ်ပိဿာ ၈,၅၀၀ - ၉,၃၀၀ ပေါက်ဈေးရှိနေသည်။

✔️ ပြည်တွင်းမြေပဲဆံဈေးကွက်မှာ မန္တလေးဈေးကွက်တွင် နယ်စုံမှ မိုးမြေပဲများအဝင်များနေသောကြောင့် အနည်းငယ်ဈေးကျဆင်းသလို ပြည်တွင်းပဲဆီဈေးနှုန်းလည်း လိုက်ပါကျဆင်းလာရာ မြေပဲဆီတစ်ပိဿာလျှင် ငွေကျပ် ၁၅,၀၀၀ သာ ပေါက်ဈေးရှိတော့သည်။ 

✔️ အောက်တိုဘာ(၃)ရက်တွင် နှမ်းမျိုးစုံအရောင်းအဝယ်ပုံမှန်သာရှိနေရာ နှမ်းဖြူ(ရိုးရိုး)၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၃၈၀,၀၀၀၊ နှမ်းဖြူ(ဂျပန်)၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၃၀,၀၀၀ - ၄၄၀,၀၀၀၊ နှမ်းညို ၄၅ ပိဿာတစ်အိတ်လျှင် ငွေ ကျပ် ၃၅၀,၀၀၀၊ နှမ်းနက်(စမုံ) ၄၅ ပိဿာတစ်အိတ်လျှင် ငွေ ကျပ် ၅၇၀,၀၀၀ - ၅၈၀,၀၀၀၊ အက်စစ်လွတ်တစ်အိတ်လျှင် ငွေကျပ် ၆၃၅,၀၀၀ - ၆၄၀,၀၀၀ အသီးသီးပေါက်ဈေးရှိနေကြောင်းသိရသည်။

✔️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (မကွေးဂျာနယ်)