menu

"ပို့ကုန်ပဲများနှင့်မြေပဲဆံ ဆက်လက်ဈေးကောင်းပြီးအဝယ်သွက်နေ"


🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘

➡️ ပို့ကုန်မတ်ပဲနှင့်ပဲစင်းငုံဈေးများ ဆက်လက်ဈေးကောင်းနေသလို မြေပဲဆံဈေးမှာလည်း ဈေးကောင်းအဝယ်သွက်နေကြောင်း ပဲကုန်သည်များထံကသိရသည်။ ပို့ကုန်ပဲများမှာ ဇွန်လဆန်းပိုင်းကတည်းက ယခုအချိန်ထိ ဈေးဆက်လက်ကောင်းနေပြီး ပြည်တွင်းပဲဆီဝယ်လိုအားကောင်းလာတာကြောင့်လည်း မြေပဲဆံဈေးမှာ အနည်းငယ်ဈေးကောင်းအဝယ်သွက်နေခြင်းဖြစ်သည်။

➡️ ပို့ကုန်မတ်ပဲနှင့်ပဲစင်းငုံမှာ ယခုသီတင်းပတ်တွင် ဆက်လက်ဈေးကောင်းနေပြီး ပြည်တွင်းဆီစက်ပိုင်များ အပြိုင်အဆိုင်ဝယ်ယူမှုကြောင့် မြေပဲဆီဆံနှင့်မြေပဲလုံးဆံမှာ ဈေးကောင်းအဝယ်သွက်နေကြောင်း၊ ပြည်တွင်းကုလားပဲအုပ်စုမှာ ဈေးမြင့်တက်နေရာမှ အနည်းငယ်ဈေးကျဆင်းသလို ငွေပေးချေမှုပုံစံအလိုက် ဈေးအပြောင်းအလဲရှိနေကြောင်း ပြည်တွင်းသုံးပဲမာလိုင်းများလည်း ဈေးအေးနေကြောင်း မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

➡️ "ပြည်တွင်းသုံးကုလားပဲတွေ ဈေးမြင့်တက်နေတာကနေ အနည်းငယ်ဈေးပြန်ကျဆင်းသွားပါတယ်။ ကုလားပဲအမျိုးအစားအလိုက် တစ်အိတ်ကို ငွေကျပ် ၂,၀၀၀ - ၅,၀၀၀ကြား ဈေးကျဆင်းသွားတာပါ။ ပို့ကုန် မတ်ပဲနဲ့ပဲစင်းငုံကတော့ ဈေးဆက်လက်ကောင်းနေပါတယ်။ တရုတ်လိုင်းအဝယ်ရှိနေတဲ့ ပဲတီစိမ်းကတော့ တင်ပို့ရာလမ်းကြောင်းမကောင်းလို့ ဈေးကျဆင်းနေပါတယ်။ မြေပဲဆီဆံရော မြေပဲအနီလုံးဆံရော ဈေးမြင့်တက်အဝယ်သွက်နေပါတယ်။ ပြည်တွင်းပဲဆီ ဝယ်လိုအားကောင်းလာသလို မြေပဲဆံလည်းဈေးကောင်းလာခြင်းဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။

➡️ ဇွန်(၁၃)ရက်တွင် ပို့ကုန်ပဲများဆက်လက်ဈေးမြင့်တက်နေရာ ပို့ကုန်မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၂၅,၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင်ငွေကျပ် ၄၄၂,၀၀၀ ပေါက်ဈေးဖြစ်လာသည်။ ပဲတီစိမ်းရွှေဝါ တစ်အိတ်လျှင် ငွေကျပ် ၂၁၄,၀၀၀၊ အညာတစ်အိတ်လျှင်ငွေကျပ် ၁၉၇,၀၀၀ ပေါက်ဈေးဖြစ်လာသည်။ ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ ဆက်လက်ဈေးပြန်မြင့်တက်လာရာ ဇွန်(၁၃) ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၅၆,၀၀၀၊ ကုလားပဲ V7တစ်အိတ်လျှင် ငွေကျပ် ၂၆၇,၀၀၀၊ ထိုင်ဝမ်ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၃၉,၀၀၀၊ 929 ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၅,၀၀၀ အသီးသီးဈေးမြင့်တက်လာသည်။

➡️ ပို့ကုန်ပဲများနှင့်မြေပဲဆံများသာ အရောင်းအဝယ်ကောင်းနေပြီး ပြည်တွင်းသုံးပဲမာလိုင်းများမှာ ပုံမှန်အရောင်းအဝယ် ပုံမှန်သာရှိနေရာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၈၀,၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၄၁၅,၀၀၀၊ မြေထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၄၅,၀၀၀၊ ကျွန်းစားတော်ပဲတစ် အိတ်လျှင် ငွေကျပ် ၂၈၅,၀၀၀၊ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံးဆံ တစ်ပိဿာလျှင် ငွေကျပ် ၇,၅၀၀ ပေါက်ဈေးရှိနေသည်။

➡️ ဇွန်(၁၃)ရက်တွင် နှမ်းမျိုးစုံဈေးအနည်းငယ်ဆက်လက်မြင့်တက်လာရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၅၀,၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၅၀,၀၀၀၊ နှမ်းနက်စမုံတစ်အိတ်လျှင် ငွေကျပ် ၄၄၀,၀၀၀ အသီးသီးပေါက်ဈေးရှိနေကြောင်းသိရသည်။

➡️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (မကွေးဂျာနယ်)