menu

ပင်လယ်ရေကြောင်းမှ ဆန်နှင့်ဆန်ကွဲတင်ပို့မှု ကုန်ကျစရိတ်မြင့်မားနေ


🌾🌾🌾🌾🌾🌾🌾🌾🌾🌾

⏭ဆန်နှင့်ဆန်ကွဲကို ပင်လယ်ရေကြောင်းကုန်သွယ်မှုတစ်ခုထဲမှသာတင်ပို့နိုင်ပြီး ကုန်ကျစရိတ်မြင့်မား လာ၍ အခက်ကြုံနေရကြောင်းသိရသည်။ တရုတ်က နယ်စပ်ဂိတ်များအားလုံးကိုပိတ်ထား၍ ပင်လယ်ရေကြောင်းကုန်သွယ်မှုကိုသာ အာထားနေရာမှ သင်္ဘောတင်စရိတ် ကြီးမြင့်လာခြင်းနှင့်အတူ လိုအပ်သလိုငှားရမ်း၍မရခြင်းတို့ကြောင့်ပို့ကုန်လုပ်ငန်းရှင်များပင် အခက်တွေ့နေရခြင်းဖြစ်သည်။ ထိုသို့နောက်ဆက်တွဲအနေဖြင့် စပါးစျေးကျဆင်းလာနေသလို ဆန်စပါးအရောင်းအဝယ်များပါ တုံ့ဆိုင်းနေကြောင်းသိရသည်။

⏭နေပြည်တော်ဆန်စက်လုပ်ငန်းရှင်များအသင်းဝင် ဦးကျော်ဝင်းက “ဒေါ်လာစျေး အတက်အကျမှာ လုပ်ငန်းရှင်တွေလည်း ရုန်းကန်ရတာမလွယ်ဘူး။ ပင်လယ်ရေကြောင်းက အရင်ကထက် ကုန်ကျစရိတ်က တစ်တန်ကိုကန်ဒေါ်လာ ၁၅ လောက် ပိုကုန်ကျလာတယ်” ဟု ပြောသည်။ ပင်လယ်ရေကြောင်းမှတင်ပို့ရာတွင် မူလကချုပ်ဆိုထားသည့် စာချုပ်ပါစျေးနှုန်းများအတိုင်း ၎င်းနိုင်ငံ ဆိပ်ကမ်းအရောက်တင်ပို့ရာ မြန်မာဘက်ကကုန်သွယ်ရေးအခက်အခဲကယင်းစာချုပ်အပေါ် အကျိုး သက်ရောက်မှုမရှိကြောင်း၊ ထို့ကြောင့် လုပ်ငန်းရှင်များက စာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက်တင်ပို့ရကြောင်းသိရသည်။

⏭တရုတ်နယ်စပ်ဂိတ်များမှ ဆန်နှင့်ဆန်ကွဲအထွက်မရှိချိန် လက်ရှိမိုးစပါးလှိုင်လှိုင်ပေါ်ချိန်နှင့် တိုက် ဆိုင်စွာဖြစ်ခဲ့သည့်အတွက် ဆန်စပါးဈေးများကျဆင်းလာခဲ့ပြီး ဆန်တင်ပို့ရန် ပင်လယ်ရေကြောင်းထွက် ပေါက်တစ်ခုသာရှိ၍ ကုန်သွယ်စီးဆင်းမှုက ပုံမှန်ထက်နှေးကွေးလေးလံလျက်ရှိနေသည်။ “ပင်လယ်ရေကြောင်းကပို့တာက စျေးကွက်ခိုင်မာတယ်။ ဆိုးကျိုးက စာချုပ်ပါအတိုင်းပဲ လုပ်ပေး ရတယ်။ မိုးစပါးပေါ်ချိန်မှာ နယ်စပ်ထွက်ပေါက်မရှိတာက စပါးစျေးကိုထိုးနှက်လိုက်တဲ့ နောက်ဆက်တွဲ ငွေကြေးလည်ပတ်မှုအားနည်းသွားပြီး ပို့ကုန်သမားတွေအတွက် ငွေလိုအပ်ချက်များပြားလာတယ်။ ဒါက ဆန်နဲ့စပါးစျေးကွက်ကို ထိုးနှက်လာလို့ လယ်သမားရော၊ ကုန်သည်ရောအဆင်မပြေနိုင်ဘူး” ဟုမန္တလေး -မူဆယ်ဆန်စပါးကုန်သည် ဦးစိုင်းကျော်ကပြောသည်။

⏭လက်ရှိ မိုးစပါးအမျိုးအစားအလိုက် ၄၆ပေါင်ရှိ တင်းတစ်လျှင် ပျှမ်းမျှကျပ် ၅၆၀,၀၀၀ ခန့်ရှိနေကြောင်း၊ ယခင်နှစ်က စပါးတင်းတစ်ရာလျှင် ကျပ် ၆၅၀,၀၀၀မှ ၉၅၀,၀၀၀ ကြားရှိခဲ့၍ တောင်သူများစျေးကောင်း ရရှိခဲ့သည်။ အစိုးရနှင့်ကုန်သည်များက ၂၀၂၁ ခုနှစ်ထွက် မိုးစပါးများကို တင်ဒါစနစ်ဖြင့် ဝယ်ယူရေး ဆောင်ရွက်ရာတွင် စနစ်တကျဆောင်ရွက်နိုင်ရန်အတွက်ရေးဆွဲပြုစုထားသည့် စပါး၊ ဆန်ဝယ်ယူရေး စီမံချက်၊ တင်ဒါစည်းကမ်းချက်များ၊ စပါးဝယ်ယူ၍ ဆန်ပေးသွင်းခြင်းဆိုင်ရာ သဘောတူစာချုပ်နှင့် စပ်လျဉ်း၍ ဆွေးနွေးလျက်ရှိကြောင်းသိရသည်။

⏭တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရ လယ်ယာ ထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့မှ ၂၀၂၁ ခုနှစ်ထွက်စပါးများကို အခြေခံရည်ညွှန်းစပါးဈေးအောက် ကျရောက်နေသည့်ဒေသများတွင် သတ်မှတ်အခြေခံရည်ညွှန်းစျေးတင်းတစ်ရာလျှင် ကျပ် ၅၄၀,၀၀၀ဖြင့် ဝယ်ယူရန်ထုတ်ပြန်ထားသည်။

Sources : Market News