menu

"စျေးကွက်သေချာသည့် ကုလားပဲကို တောင်သူများပြောင်းလဲစိုက်ပျိုးလာ"


🌿🌿🌿🌿🌿🌿🌿🌿🌿🌿

⏩“သခွားပင်လယ်” ဟု တင်စားရသည့် ဧကသောင်းချီစိုက်ပျိုးသော ချောင်းဦးနယ်၊ ပေါက်အင်းဒေသတွင် တရုတ်နယ်စပ်ဂိတ်များ၌ဖြစ်ပေါ်နေသောအသီးတင်ပို့မှု အခက်အခဲများကြောင့် စျေးကွက်သေချာသည့် ကုလားပဲများကို ပြောင်းလဲစိုက်ပျိုးနေကြကြောင်း အဆိုပါဒေသတောင်သူများထံကသိရှိရသည်။ ယခုရာသီတွင် သခွားစိုက်ခင်း ဧက ၂၀၀ ခန့်သာ စိုက်ပျိုးတော့ကြောင်း ၎င်းတို့ကပြောသည်။

⏩တရုတ်နယ်စပ်ဂိတ်၊ မူဆယ် ကျင်စန့်ကျော့ဂိတ်မှ ဖရဲ၊ သခွားအဓိကတင်ပို့နေပြီး မနှစ်ကလည်း ကိုဗစ်-၁၉ ရောဂါစစ်ဆေးမှုများကြောင့် အသီးတင်ပို့ရာတွင် ဆုံးရှုံးမှုများကြုံတွေ့ခဲ့ကြရာ ယခုနှစ် နိုဝင်ဘာ လကုန်ပိုင်းသခွားစိုက်ရာသီရောက်လာသော်လည်း ပေါက်အင်းဒေသတစ်ခုလုံးတွင် စိုက်ပျိုးစရိတ် နည်းပြီး စျေးကွက်သေချာသည့် ကုလားပဲ (V2)ကို ပြောင်းလဲ စိုက်ပျိုးကြခြင်းဖြစ်ကြောင်း သိရသည်။

⏩စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ချင်းတွင်းမြစ်ရေဝင်ဒေသ ပေါက်အင်းမှာ အလျား ၁၄ မိုင်၊ အနံ ၆ မိုင်ခန့်ကျယ်ဝန်းသည့် ရေဝင်ရေလဲ ဒေသဖြစ်ရာ နှစ်စဉ် ဖရဲ၊ သခွားစိုက်ပျိုးဖြစ်ထွန်းသည့် အကောင်းဆုံးဒေသဖြစ်သည်။ ယင်းဒေသကို မြန်မာနိုင်ငံ၏ “သခွားပင်လယ်”ဟု တင်စားခေါ်ဝေါ်ကြရာ စိုက်ပျိုးဧက ၁၂,၀၀၀ ကျော်ကို နိုဝင်ဘာလကုန်ပိုင်းမှ ဧပြီလကုန်အထိ စိုက်ပျိုးလေ့ရှိသော်လည်း ယခုနှစ်တွင်မူ စွန့်စားစိုက်ပျိုးသည့် ဧက၂၀၀ကျော်သာရှိပြီး ကျန်စိုက်ဧကများမှ ဧက ၁,၀၀၀ ကျော်တွင် ကုလားပဲကို ပြောင်းလဲစိုက်ပျိုးကြကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဖရဲ၊သခွား စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဌ ဦးစိုးလွင်က ပြောသည်။

⏩“မနှစ်ကလည်း နယ်စပ်ဂိတ်ကြန့်ကြာမှုတွေကြောင့် ဆုံးရှုံးခဲ့ဖူးပြီ။ ဒီနှစ်မှာလည်း နယ်စပ်မှာအသီးတွေ ရောင်းချဖို့ ခက်ခဲမယ့်အခြေအနေတွေကတစ်ကြောင်း၊ သွင်းအားစုတွေ အဆမတန်စျေးမြင့်နေတာက တောင်သူတွေအတွက် အကျိုးအမြတ်ထိခိုက်နိုင်လို့ ပေါက်အင်းဒေသမှာ သခွားစိုက်ပျိုးမှု ကျဆင်းသွား ပါတယ်။ မနှစ်က ဧက တစ်သောင်းကျော်ကနေ ဒီနှစ် ဧက ၃၀၀ တောင်မပြည့်ချင်တော့ဘူး။ ကျန်တဲ့စိုက်ဧကတွေအကုန်လုံးက ကုလားပဲပင်လယ်ကြီး ဖြစ်သွားတယ်။ 

⏩ကုလားပဲစိုက်ပျိုးရာမှာ မျိုးစျေး တစ်တင်း ကျပ် ၄၅,၀၀၀ လောက်ပေးစိုက်ခဲ့ရတော့ စိုက်ပျိုးစရိတ် တစ်ဧက ကျပ် ၁၅၀,၀၀၀ လောက်ကုန်ကျတယ်။ ကုလားပဲတစ်ဧကကို တင်း ၂၀-၃၀ ကြား ထွက်ကြမှာပါ။ သခွားနဲ့တော့ စိုက်ပျိုးစရိတ်ဝင်တွေ စွန့်စားမှုတော့ မတူဘူးပေါ့။ သို့သော်လည်း စိုက်စရိတ်နဲ့ လက်ရှိပဲစျေးကွက်ကောင်းတာနဲ့ဆိုရင် တောင်သူအဆင်ပြေပါတယ်” ဟု ၎င်းကပြောသည်။

⏩တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်မှ အဓိကဝင်ထွက်နေသည့် ကျင်စန်းကျော့ဂိတ်ကို ယခုနှစ် ဇူလိုင်လဆန်းပိုင်းမှာစတင်ကာ ပိတ်လိုက်ပြီး ငါးလကျော်ကြာ ကုန်သွယ်မှု ရပ်တန့်သွားခဲ့ရာ ယခုနိုဝင်ဘာ ၂၆ ရက်နေ့မှ စတင်ကာ တရုတ်နိုင်ငံ၏ ကျန်းမာရေးဌာနက ထုတ်ပြန်သည့် စည်းကမ်းချက်များအတိုင်း ပို့ကုန်များကို ဆေးဖြန်းကာ ကွန်တိန်နာအတွင်း ချိန်းပြောင်း သယ်ယူသည့်စနစ်ကို ပြောင်းလဲကျင့်သုံးကာ ကုန်သွယ်မှုကို ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။

⏩အခြား ဆန်၊ ပဲ၊ ပြောင်းသီးနှံများအတွက် ကုန်ကျစရိတ်ထက် ဖရဲသီးကားများအတွက် ကုန်ကျစရိတ်မှာ ဒေသအသီးသီးမှ သယ်ယူစရိတ်များမပါ မူဆယ်အသီးကွင်းမှ တရုတ်နိုင်ငံ ဝမ်တိန်အသီးကွင်းအရောက် ကျပ် ၃၅ သိန်းခန့် ပိုမိုကုန်ကျနိုင်သည့် အခြေအနေလည်း ဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။ မိုးဖရဲ ရာသီ စတင်စိုက်ပျိုးချိန်ကတည်းက တရုတ်နိုင်ငံသို့တင်ပို့ရန် စျေးကွက်မသေချာခြင်းကြောင့် တောင်သူ အများစုမှာ ဒေသနှင့်ကိုက်ညီဖြစ်ထွန်းသည့် နှမ်း ၊ ပဲစင်းငုံနှင့် ကုလားပဲ များကို ပြောင်းလဲစိုက်ပျိုးလာ ကြကြောင်း သိရသည်။

⏩သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Credit to : ရွှေမန်း (The Farmer Media)