menu

စျေးများမြင့်တက်နေသည့် ပဲမျိုးစုံဈေးကွက်အခြေအနေ .....


🌿🫘🌿🫘🌿🫘🌿🫘🌿🫘🌿

✅အိန္ဒိယမှာ ပဲလိုအပ်ချက်များရှိနေ၍ ပြည်တွင်းပဲများဝယ်ယူမည်ဖြစ်သောကြောင့် ဈေးပြန်လည် မြင့်တက်လာကြောင်း ကုန်သည်များထံမှသိရသည်။ အိန္ဒိယတွင် ရာသီဉတုအပါအဝင် တခြားအကြောင်းအမျိုးမျိုးကြောင့် ပဲအထွက်နှုန်းနည်းခဲ့သည့်အတွက် မြန်မာနိုင်ငံမှအရန်ပဲဝယ်ယူမည် ဟု ကြေငြာထားခြင်းဖြစ်၍ စျေးနှုန်းများ မူလစျေးထက်တစ်သိန်းခန့်မြင့်တက်နေကြောင်း သိရသည်။ 

✅“ပဲစျေးကွက်က အိန္ဒိယပေါ်မူတည်တယ်။ အိန္ဒိယက အစိုက်နည်းခဲ့ပြီး အထွက်နည်းတော့ ဈေးတက်သွားတယ်။ ဒါပေမဲ့FOB မလာတော့ ပုံမှန်စျေးလောက်ပဲ ဖြစ်သွားတာပေါ့။ အိန္ဒိယက အရန်ပဲ ပြန်ဝယ်မည်ဆိုပြီးတော့ သိရတယ်။ အဲ့တာကြောင့် စျေးတွေတက်လာတယ်။ တစ်တန်ကို တစ်သိန်းလောက်တက်တယ်။ အိန္ဒိယက ဘယ်လောက်ဝယ်မယ်ဆိုတာတော့ မသိသေးဘူး” ဟု အောင်လံမြို့မှ ပဲကုန်သည် ဦးအောင်မိုး ကပြောသည်။

✅မတ်ပဲတစ်တန်ကို ယခင်ကျပ်၁၆သိန်းဝန်းကျင်ထိရှိခဲ့ရာမှ လက်ရှိ ၁၇သိန်းအထိ ပြန်လည်မြင့်တက်လာခြင်းဖြစ်ပြီး ပဲစင်းငုံစျေးနှုန်းမှာလည်း တစ်တန်ကို ၁၄သိန်းရှိခဲ့ရာမှ ကျပ် ၁၅သိန်းနီးပါးထိပြန်လည် မြင့်တက်ခဲ့ကြောင်းသိရသည်။ အဆိုပါ စျေးနှုန်းများမှာ နေရာဒေသပေါ်မူတည်ပြီး စျေးနှုန်း အပြောင်းအလဲ ရှိနိုင်ကြောင်းလည်းသိရသည်။ နောက်ပိုင်းပဲစျေးကွက်တွင် မတ်ပဲမှာ အများကြီးမတက် နိုင်သော်လည်း ပဲစင်းငုံမှာ ထပ်မံ တက်လာကာ အ‌ရောင်းအဝယ်ပိုဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။ 

✅“ပဲစင်းငုံက လိုအပ်ချက်ရှိတယ်။ စားဖို့လိုအပ်ချက်ရှိလာတော့ ဝယ်လာတာပေါ့။ အရင်က (၇)လပိုင်း အထိက ပဲဝါလေးစိုက်တာအောင်မြင်တော့ ပဲဝါလေးအစားထိုးပြီး စားကြတာ။ ပဲဝါလေး လဲ ပြတ်သွားတော့ ပြန်တက်လာတာ။ ပဲစင်းငုံကတော့ တက်ဖို့ရှိတယ်” ဟု ပဲကုန်သည်တစ်ဦးက ပြောသည်။

✅လက်ရှိ ပြည်တွင်း၌လည်း မတ်ပဲလက်ကျန်မှာ တန်ချိန် ၃,၄သိန်းခန့်သာ ကျန်တော့မည်ဖြစ်ပြီး ပဲစင်းငုံလက်ကျန်မှာ တန်ချိန်တစ်သိန်းခန့်တောင် ကျန်တော့မည်မဟုတ်ကြောင်း သုံးသပ်ကြသည်။ ထို့အပြင် ပြည်တွင်းပဲအထွက်နှုန်းမှာ သွင်အားစုစျေးနှုန်းတွေ မြင့်တက်နေမှုနှင့် တခြား ပြည်တွင်း အခက်အခဲများကြောင့် စိုက်ဧကများလျော့ကာ အထွက်နှုန်းလျော့နည်းနိုင်သည့်အတွက် စျေးနှုန်းမှာ ထပ်မံကျဆင်းနိုင်ချေမရှိကြောင်း ခန့်မှန်းကြသည်။

✅မတ်ပဲ၊ ပဲစင်းငုံ အပြင် အခြား ပြည်တွင်စားသုံးသည့် ပဲကြီး၊ ကုလားပဲ၊ စားတော်ပဲ များမှာလည်း ပုံမှန်စားသုံးမူရှိသည့်အတွက် စျေးများမြင့်တက်နေကြောင်းလည်း ကုန်သည်များထံမှသိရသည်။ မြန်မာနိုင်ငံမှာအဓိကစိုက်ပျိုးသည့်ပဲအမျိုးအစားတွေဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံ နှင့် ပဲတီစိမ်းစျေးနှုန်း အပြောင်း အလဲမှာ အဓိကဝယ်လက်နိုင်ငံဖြစ်သည့်အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှုမူဝါဒအပေါ်မှာ သက်ရောက်ခြင်းလည်းရှိကြောင်းသိရသည်။ မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယအပါအဝင် တရုတ်၊ သီရိလင်္ကာ၊ နီပေါ၊ မလေးရှား၊ ထိုင်းနှင့် UAE နိုင်ငံတွေကို ပဲမျိုးစုံတင်ပို့နေပြီး ၇၅ ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံသို့ တင်ပို့နေသည်။

✅သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Sources : ဖိုးချဲ (AMIA)