menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
စိုက်ပျိုးသီးနှံနှင့် နှစ်ရှည်ပင်ကုန်စည်အများစု ဈေးနှုန်းမြင့်လာသည့် ၂၀၂၀ နှစ်ဆန်း
🔹၂၀၂၀ နှစ်သစ်အတွင်း ရက်သတ္တနှစ်ပတ်ဝန်းကျင် ရောက်ရှိလာသည့်အချိန် ပြည်တွင်းဈေးကွက် သတင်းစကားအများစုအရသီးနှံအများစု ဈေးနှုန်းများသည် ၂၀၁၉ကာလတူများထက် ဈေးနှုန်းမြင့်လာနိုင်သည့်အလားအလာများ မြင်တွေ့ရသည်။လယ်ယာကဏ္ဍ စိုက်ပျိုးရေးလုပ်ကိုင်သူများအတွက် သတင်းကောင်းဟု ဆိုနိုင်သည်။အထူးသဖြင့် ၂၀၂၀ နှစ်ဦးပိုင်း စိုက်ပျိုးရန်လုပ်ကိုင်နေဆဲနှင့် စိုက်ပျိုးထားပြီးဖြစ်သော မိုးစပါးရိတ်သိမ်းပြီး သီးထပ်စိုက်ပျိုးသည့် နွေစပါး၊ ငရုတ်နှင့် မတ်ပဲ၊ ပဲတီစိမ်းများ၏ ဈေးနှုန်းနှင့် ဈေးကွက်သည် ၂၀၁၉ ခုနှစ် ကာလတူများထက် ၂၀၂၀ ပြည့်နှစ်တွင် ဈေးနှုန်းမြင့်ဖြင့် ရှိလာနိုင်မည်ဟု ပြောဆိုမှုများလာသည်။
🔹၂၀၁၉ နှစ်လယ်အလွန်မှစ၍ မိုးစပါးရိတ်သိမ်းရောင်းချချိန်နှင့် ကြံများ ခုတ်သိမ်း၍ သကြားစက်ရုံများသို့ တင်ပို့ရောင်းချချိန်တို့တွင် ဈေးနှုန်းကျဆင်းမှုကြောင့် စိုက်ပျိုးသူများ အဆင်မပြေမှု၊ အကျိုးစီးပွားထိခိုက်မှုများ ရှိလာခဲ့သည်ဟု သိရသည်။မြန်မာနိုင်ငံတွင် နှစ်စဉ် နွေစပါးစိုက်ပျိုးမှုဧကပေါင်း သုံးသန်းဝန်းကျင်ရှိရာမှ ဆည်ရေသောက် နွေစပါးစိုက်ဧက ကျဆင်းမှုကြောင့် နွေစပါးစိုက်ဧက သုံးပုံတစ်ပုံဝန်းကျင် လျော့ကျလာနိုင်သည်ဟု ခန့်မှန်းမှုများရှိလာသည်။ စပါးဈေး နိမ့်ကျမှုကြောင့် ၂၀၁၉ ခုနှစ်ထွက် မိုးစပါးများ တန်ချိန်ခုနစ်သိန်း ပြည်ပသို့ စပါးအတိုင်း ၂၀၂၀နှစ်ဆန်းကာလ တင်ပို့ခွင့်ပြုထားမှု ရှိလာသည်။
🔹ဆန်စပါးထွက်ရှိမှုများသော အိမ်နီးချင်းနိုင်ငံအချို့တွင် စပါးစိုက်ပျိုးရန် ရေမလုံလောက်၍ ဆန်စပါးအထွက် ကျဆင်းမှုရှိနိုင်သည့်သတင်းများ ထွက်ပေါ်လာသည်။ သို့ဖြစ်ရာ ၎င်းနိုင်ငံများတွင် ဆန်ဈေးနှုန်းမြင့်တက်နိုင်သည်ဟူသော မျှော်လင့်ချက်များကြောင့် ဆန်ဝယ်ယူသိုလှောင်မှု များပြား၍ ဆန်ဈေးမြင့်တက်မှု ၎င်းနိုင်ငံအတွင်းရှိလာသည့် သတင်းအချို့ ထွက်ပေါ်လာသည်။မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ မိုးစပါးရိတ်သိမ်းချိန်တွင် ပုံမှန်မိုးရွာသွန်းမှုနည်း၍စားမိုးမရခြင်း၊ ရေလွှတ်မြောင်းများအတွင်းမြစ်ရေဝင်ရောက်မှု နည်းခြင်းတို့ကြောင့်လပွတ္တာ၊ မအူပင်၊ သာပေါင်း အစရှိသည့်မြစ်ဝကျွန်းပေါ်ဒေသ စပါးစိုက်ပျိုးရာမြို့နယ်အချို့တွင် စပါးအထွက်ကျသည့်ဖြစ်စဉ်အချို့သတင်းများ ယခုလပိုင်းတွင် သတင်းဖော်ပြမှုရှိလာသည်။
🔹သို့ဖြစ်ရာ စပါးအထွက် ပုံမှန်ထက်လျော့ကျပြီး ပြည်ပဆန်ပို့နိုင်ငံများတွင်လည်း ဆန်ထွက်လျော့ကျလာနိုင်ခြင်း၊ ပြည်တွင်းစပါးအထွက် နည်းသည့်အပြင် ပြည်ပသို့ စပါးအတိုင်း တင်ပို့ခွင့်အတိုင်းအတာတစ်ခုထိ ခွင့်ပြုထားခြင်းတို့ကြောင့် မြန်မာ့ဆန်ဈေးကွက်အတွင်း ၂၀၂၀ ပြည့်နှစ်တွင်၂၀၁၉ ခုနှစ်ထက် ဆန်ဈေးနှုန်း မြင့်လာနိုင်မည်ဟု ခန့်မှန်းထားခြင်းများ ဆန်ဈေးကွက်တွင် ရှိနေသည်။၂၀၁၉ ခုနှစ်၊ မိုးစပါးရိတ်သိမ်းပြီးချိန်နှစ်ကုန်ပိုင်း အထူးသဖြင့် မြစ်ဝကျွန်းပေါ်ဒေသတွင် သီးထပ်အဖြစ် စိုက်ပျိုးနေကြသော ငရုတ်၊ နွေစပါး၊ မတ်ပဲ၊ ပဲတီစိမ်းတို့မှာလည်း ၂၀၂၀ ပြည့်နှစ်တွင် ၂၀၁၉ ခုနှစ်ကာလတူများထက် ဈေးမြင့်ရလာနိုင်သည်။
🔹မြန်မာပြည်အောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသ ဝါးခယ်မ၊ ရွှေလောင်း၊ အိမ်မဲ၊ ပန်းတနော်၊ မအူပင်၊ ဟင်္သာတ၊ မြန်အောင်ဒေသတို့တွင် စိုက်ပျိုးသော ငရုတ်များအနက်ယခုလပိုင်း ဈေးကွက်သို့စတင် ရောက်ရှိလာသော ဟင်္သာတ၊ မြန်အောင်ဒေသထွက် ငရုတ်ရှည်များအနက် အိန္ဒိယငရုတ်ရှည်များမှာ ၂၀၂၀ နှစ်ဆန်းတွင် ဈေးနှုန်းအမြင့်ရရှိနေသည်။ ၎င်းငရုတ်များ တစ်ပိဿာလက်ကား ကျပ် ၆၀၀၀ ဝန်းကျင် ရရှိနေသည်။ အလားတူ မြန်မာပြည်အလယ်ပိုင်းဒေသထွက် ကျောက်ရဲငရုတ်ရှည်များမှာလည်း လက်ကားတစ်ပိဿာ ကျပ် ၆၀၀၀နှုန်း ရရှိသည်။ ရှမ်း၊ ငရုတ်ရှည်များမှာမူ တစ်ပိဿာ ကျပ် ၄၅၀၀ ဝန်းကျင် ရရှိနေသည်။ 🔹မတ်ပဲနှင့် ပဲတီစိမ်းများမှာမူ ပဲတီစိမ်းဈေးနှုန်းသည် ဈေးအမြင့်တွင် အပြောင်းအလဲနည်းနေဆဲရှိသည်။ မတ်ပဲမှာမူ ၂၀၁၉ခုနှစ်ကာလတူထက် ၂၀၂၀ နှစ်ဆန်းတွင်ဈေးမြင့်နေဆဲရှိသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ ၎င်းနိုင်ငံတွင်းသို့ ပဲတင်သွင်းမှုတန်ချိန် မည်မျှအတိုင်းအတာအထိ ခွင့်ပြုမည့် သတင်းထုတ်ပြန်ချက်ပေါ်မူတည်၍ မြန်မာနိုင်ငံတွင် မတ်ပဲ၊ ပဲစင်းငုံဈေးနှုန်းပြောင်းလဲမှု ဖြစ်ပေါ်လာနိုင်သည်။ ၂၀၁၉ ခုနှစ်၊ မိုးရာသီအတွင်း မိုးရွာသွန်းမှုကြောင့် အိန္ဒိယမတ်ပဲအထွက် လျော့နည်းမှုရှိနိုင်သည်ဟု ခန့်မှန်းမှုများရှိလာရာမြန်မာ့မတ်ပဲဈေးနှုန်းသည် ၂၀၂၀ ပြည့်နှစ်အတွင်း ၂၀၁၉ ခုနှစ်ကာလတူအချိန်များထက် မြင့်နေနိုင်မည်ဟု ပဲလောကတွင် ခန့်မှန်းပြောဆိုမှုများ ရှိနေသည်ဟု သိရသည်။
🔹၂၀၁၉ နှစ်ကုန်ပိုင်း ပြည်တွင်းသကြားလက်ကျန် ပိုလျှံမှုများပြီး ပြည်ပအပို့နည်းခြင်း၊ ပြည်ပမှ လုပ်ငန်းသုံးသကြားအပြင်နယ်စပ်ဒေသများမှ တရားမဝင်သကြားများ တင်သွင်းနေခြင်းရှိ၍ သကြားတစ်ပိဿာဈေးနှုန်း လက်ကား ကျပ် ၉၀၀ ဝန်းကျင်သာ ရှိသည်။ ပြည်တွင်းသကြားစက်ရုံများတွင် ယခင်နှစ် ကြိတ်ခွဲထုတ်လုပ်ထားသော သကြားများ လက်ကျန်များနေ၍ ယခုသကြားစက် လည်ပတ်သည့်ရာသီတွင် ကြံဈေးနှုန်းများ ဈေးချဝယ်ယူမှုရှိလာသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်ဒေသဝန်းကျင်စက်ရုံမှ ၁၀ မိုင်အတွင်း စက်ရုံအရောက် ကြံတစ်တန်လျှင် ကျပ် ၃၅၀၀၀နှုန်း၊ စက်ရုံမှ မိုင် ၄၀ ဝန်းကျင်ကွာဝေးလျှင် ကျပ် ၃၉၀၀၀ နှုန်းဖြင့် ဝယ်ယူမှု ၂၀၁၉နှစ်ကုန်ပိုင်းတွင် ရှိလာသည်။
🔹ကြံခုတ်လုပ်သားစရိတ် မြင့်တက်လာခြင်း၊ စက်ရုံသို့ပို့သော ကြံသယ်ယာဉ်များတန်ပိုမတင်ရ၍ ကားခမြင့်လာခြင်းတို့ကြောင့် ကြံတစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀ဝန်းကျင်သာ အကျိုးအမြတ်ရှိသည်ဟု သတင်းဖော်ပြမှု ရှိလာသည်။ သကြားစက်ရုံမှ စာချုပ်ချုပ်ဆိုဝယ်ယူပေးသော ကြံများအပြင် ပိုလျှံနေသော ကြံများကို နယ်စပ်အနီးတစ်ဖက်နိုင်ငံ သကြားစက်ရုံမှ စက်ရုံအရောက်ကြံတစ်တန် ကျပ်တစ်သိန်း ဈေးနှုန်းဖြင့်ဝယ်ယူမည့်သတင်းများ ယခုရက်ပိုင်း ထွက်ပေါ်လာသည်။ ထိုသို့ သွားရောက်ရောင်းချရာတွင် ကားခကြံတစ်တန် ကျပ် ၅၀၀၀၀၊ ကြံခုတ်ခ၊ တင်၊ ချခ၊ အခွန်အပါအဝင် ကုန်ကျစရိတ် ကျပ် ၆၅၀၀၀ ရှိနိုင်ရာ ကြံတစ်တန်လျှင် အသားတင် ကျပ် ၃၅၀၀၀ ဝန်းကျင် ခံစားခွင့်ရှိလာသည်။
🔹အလားတူ မြေပဲ၊ နှမ်း စိုက်ပျိုးရာတွင်လည်း နှမ်းတစ်တင်းလျှင် အမျိုးအစားအရကျပ် ၄၀၀၀၀ မှ ကျပ် ၇၅၀၀၀ အတွင်း၊ မြေပဲဆီဆန်တစ်ပိဿာ ၂၄၇၅ ကျပ်၊ လုံးဆန် ကျပ် ၂၇၀၀ မှ ကျပ် ၃၅၀၀ အတွင်းဈေးနှုန်းရရှိသည်။ မြေပဲဆန်တစ်ပိဿာလျှင် အကြမ်းအားဖြင့် မြေပဲဆီ ၃၈ ကျပ်သား၊ ထွက်ရှိသည်။ မုံရွာနယ်တွင် နှမ်းဆီတစ်ပိဿာ ကျပ် ၆၂၀၀၊ မြေပဲဆီတစ်ပိဿာကျပ် ၅၄၀၀ ရှိသည်ဟုဆိုသော်လည်း ရန်ကုန်ဈေးကွက်တွင် နှမ်းဆီတစ်ပိဿာ ကျပ် ၆၈၀၀၊ မြေပဲဆီတစ်ပိဿာ ကျပ်၆၄၀၀ နှုန်းရှိသည်ဟု ကုန်စည်ဒိုင်ဈေးနှုန်းစာရင်းဖော်ပြချက်အရ သိရသည်။
🔹နှစ်ရှည်စိုက်ပျိုးပင်များ ဖြစ်သော ထန်းနှင့် မန်ကျည်းတို့ကထွက်ရှိသော မန်ကျည်းနှင့် ထန်းလျက်များသည်လည်း၂၀၂၀ နှစ်ဆန်းတွင် ဈေးနှုန်းအမြင့် ရရှိနေသည်။ ၂၀၂၀ နှစ်ဆန်း ထန်းလျက်အသစ်မထွက်ပေါ်မီ ညောင်ဦးဆေးခတ်ထန်းလျက်အဖြူ တစ်ပိဿာ ကျပ် ၁၉၅၀ မှ ကျပ် ၂၀၀၀၊ မလိုင်ထန်းလျက်အမည်း တစ်ပိဿာ ကျပ် ၂၀၀၀ နှုန်း၊ ပခုက္ကူထန်းကြမ်းတစ်ပိဿာ ကျပ် ၂၀၀၀၊ ရေစကြိုဝမ်းဖြူတစ်ပိဿာ ကျပ် ၂၀၀၀ မှ ကျပ် ၂၁၀၀ နှုန်းရှိနေသည်။၂၀၂၀ နှစ်ဆန်း အသစ်ထွက်ပေါ်လာသော ဒါးဇင်းမန်ကျည်းအသစ်မှာလည်းတစ်ပိဿာ လက်ကားဈေး ကျပ် ၂၅၀၀၊ အသားအဟောင်းမှာ ကျပ် ၃၀၀၀ နှုန်းအထိဈေးမြင့်နေသည်။
🔹ယခင်နှစ် ၂၀၁၉ နှစ်ဆန်းကာလတွင်ညောင်ဦးဆေးခတ်ထန်းလျက် လက်ကားတစ်ပိဿာ ကျပ် ၁၅၀၀၊ မလိုင် ကျပ် ၁၃၀၀၊ပခုက္ကူထန်းကြမ်း ကျပ် ၁၄၀၀-၁၄၂၅၊ရေစကြိုဝမ်းဖြူ ကျပ် ၁၇၅၀-၁၈၀၀ နှုန်းသာ ရှိသည်။ ထို့အတူ မန်ကျည်းဒါးဇင်းအသစ် လက်ကားတစ်ပိဿာ ကျပ် ၁၂၀၀၊ အသားအဟောင်း တစ်ပိဿာ ကျပ် ၁၀၀၀-၁၄၀၀ နှုန်းသာ ရှိခဲ့သည်ဟု ဈေးနှုန်းဟောင်းများအရ သိရသည်။သို့ဖြစ်ရာ ၂၀၂၀ နှစ်ဆန်းတွင် စိုက်ပျိုးသီးနှံ နှစ်ရှည်စိုက်ပျိုးပင်များမှ ဈေးနှုန်းများသည် ၂၀၁၉ နှစ်ဆန်းထက် ဈေးမြင့်နေရာ စိုက်ပျိုးထုတ်လုပ်သူများအတွက်ဝင်ငွေပိုရလာသော နှစ်ဆန်းဖြစ်နေသည်ဟုဆိုနိုင်သည်။
- မောင်စေအောင်
- မြန်မာတောင်သူကြီးများဂျာနယ်
- ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ ( ၂၀ )ရက်။