menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
စိုက်ပျိုးသုတ အောက်တိုဘာလ
🌾🌿🌻🌿🌾🌻🌻🌾🌿🌻🌿🌾
▪️ အောက်တိုဘာလသည် မိုးနှောင်းရာသီနှင့် ဆောင်းရာသီကူးသည့်လလို့ နားလည်မိသည်။ မိုးနှောင်းသီးနှံအချို့စိုက်ဆဲဖြစ်သလို ဆောင်းရာသီသီးနှံအချို့ကိုလည်း စတင်စိုက်ပျိုး နိုင်သည့်လ ဖြစ်သည်။ ထို့ပြင် မိုးစပါးကို ပြုစုစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် လလည်း ဖြစ်ပါသည်။
▪️ သို့ဖြစ်ရာ စိုက်ပျိုးသုတပေးလိုတာများရှိပါသည်။ ပထမတစ်ခုက စိုက်ပျိုးဆဲမိုးနှောင်း သီးနှံ ဖြစ်သော နေကြာသီးနှံအတွက်၊ ဒုတိယတစ်ခုက စတင်စိုက်ပျိုးမည့် ဆောင်းသီးနှံများ ဖြစ်သော မတ်ပဲနှင့် ပဲတီစိမ်းသီးနှံတို့အတွက် ဖြစ်သည်။ အလားတူ အရေးကြီးသော ကြီးထွားမှု ကာလသို့ ရောက်ရှိနေသည့် ရိုးရိုးမိုးစပါးနှင့် မျိုးစေ့ထုတ်စပါးသီးနှံတို့အတွက်လည်း သိသင့် သည့်အကြောင်းအရာ များ ပါဝင်မည်ဖြစ်ပါသည်။
သီးထပ်သီးနှံစိုက်ပျိုးရေးအတွက် ကြားကာလ
-------------------------------------------
▪️ မိုးနှောင်း/ ဆောင်းသီးနှံများအကြောင်းမပြောမီ သုတပေးလိုတာရှိသည်။ သီးထပ်သီးနှံ စိုက်ပျိုးရေးအတွက်ကြားကာလဆိုသည့် အသုံးအနှုန်းဖြစ်ပါသည်။ မိုးနှောင်းသီးနှံနှင့် ဆောင်းသီးနှံများကို ယာမြေတွင် မိုးဦးသီးနှံများ စိုက်ပျိုးရိတ်သိမ်း အပြီး စိုက်ပျိုးသည်။ ထို့အပြင် လယ်မြေတွင် မိုးစပါးရိတ်သိမ်းအပြီး စိုက်ပျိုးသည်။ အများအားဖြင့် မြေတွင်းအစိုဓာတ်ကို အားကိုးစိုက်ပျိုးသည်ဖြစ်ရာ မိုးသီးနှံနှင့် မိုးနှောင်း/ ဆောင်းသီးနှံတို့အကြား အချိန်အကြာကြီးဆွဲလို့မရ၊ ထွန်ရေးပြုပြင်မှု လျင်လျင် မြန်မြန်ဆောင်ရွက်ဖို့လိုသည်။
▪️ ဤသို့ သီးနှံတစ်မျိုးရိတ်သိမ်းပြီးသည်မှ နောက်ထပ်သီးနှံတစ်မျိုး စိုက်ပျိုးသည်ထိကြား ကာလကို သီးနှံစိုက်ပျိုးရေးစနစ်(Cropping Systems)နယ်ပယ်တွင် Turn-around time ဟု ခေါ်ဝေါ်ကြောင်းသိရသည်။
▪️ Turn-around time ကို တိုနိုင်သမျှတိုအောင် ကြိုးစားဆောင်ရွက်သင့်ပါသည်။ ထိုကာလတိုလေ နောက်ထပ်သီးနှံတစ်မျိုးကို အလျင်အမြန် စိုက်ပျိုးနိုင်လေဖြစ်သည်။ ဆိုလိုသည်မှာ မိုးနှောင်းသီးနှံ သို့မဟုတ်ဆောင်းသီးနှံစိုက်ပျိုးရေးအတွက်မြေအစိုဓာတ်မပြေးမီ ထွန်ရေးပြုပြင်မှုလျင်မြန်စွာဖြင့် အချိန်ကို အကျိုးရှိစွာအသုံးချရန် ဖြစ်ပါသည်။
နေကြာသီးနှံ
------------
▪️ အများစု စစိုက်တာကတော့ စက်တင်ဘာလပါ။ အခုအောက်တိုဘာလမှာ ပြီးစီးအောင် စိုက်ပျိုးရန် ဖြစ်သည်။ နေကြာသီးနှံကြိုက်နှစ်သက်တာကတော့ အချဉ်အငန်ဓာတ် ၅ အထက် ရှိသောမြေအမျိုးအစားဖြစ်သည်။ တစ်ဧကအထွက်အများဆုံးရရှိစေမည့် ရေဆင်းစပ်မျိုးနေကြာ-၁နှင့် ဆင်းရွှေကြာ-၂ နေကြာမျိုးတို့ကို စိုက်ပျိုးသင့်သည်။ ထယ်ရေးနက်နက် ထွန်ရေး ညက်ညက်ဖြင့် မြေပြုပြင်စိုက်ပျိုးရန် ဖြစ်ပါသည်။
▪️ အပင်သက်တမ်း ၁၅ ရက်သားရှိချိန် တစ်ကျင်းတစ်ပင်ချန်၍သားခွဲရန်လိုသည်။ အပင် ငယ်စဉ် ကြားလိုက်ပေါင်းရှင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ရန် ဖြစ်ပါသည်။
မတ်ပဲသီးနှံ ----------
▪️ ရာသီအရ ရေမြေအခြေအနေအရ မြန်မာနိုင်ငံအလယ်ပိုင်းလိုအချို့ဒေသတွေမှာ အောက်တိုဘာတတိယပတ်ဆို စတင်စိုက်နိုင်တော့မည်။ စိုက်သင့်တာက မြေအချဉ်အငန်ဓာတ် ၆ ဒသမ ၅ မှ ၇ ဒသမ ၀ အတွင်းရှိ အနည်းငယ်စေးသော မြေသားအနက်ရောက်ရှိသည့် မြေများမှာ စိုက်ပျိုးသင့်တာပါ။ အပင်ကြီးထွားသန်စွမ်းစေဖို့ ဖြစ်ပါသည်။ ရေထုတ်ရန် လွယ်ကူသောမြေလည်း ဖြစ်ရပါမည်။ စိုက်သည့်အခါ နိုက်ထရိုဂျင်အာဟာရအတွက် ပဲမြစ်ဖုဇီဝမြေသြဇာနှင့် လူးနယ် စိုက်ပျိုး သင့်သည်။ အပင်ငယ်စဉ် မှိုရောဂါကျရောက်ဖျက်ဆီးတတ်သည်။ ကာကွယ်ဖို့ မှိုသတ်ဆေး တစ်မျိုးမျိုးနှင့် လူးနယ်စိုက်ပျိုးသင့်တာပါ။ မတ်ပဲမှာက မြေတွင်းအောင်းပိုးနှင့် ပင်စည်ထိုးယင် ကလည်း ကျရောက်တတ်သေးတာပါ။ မျိုးစေ့လူးနယ်ဆေးတစ်မျိုးမျိုး နှင့်လူးနယ်စိုက်ပျိုးရမည်။
▪️ ဒေသရေမြေနှင့်ကိုက်ညီသည့် ရေဆင်းမတ်ပဲမျိုးများကို တစ်ဧကလျင် အပင်ဦးရေ တစ်သိန်းအပြည့်အဝရရှိရန် တန်းကြား တစ်ပေခွဲ၊ ပင်ကြား ၄ လက်မထားရှိ စိုက်ပျိုးပါ။ ဒါတွေက စိုက်သည့်အချိန် အသိပေးလိုတာများဖြစ်ပါသည်။ စိုက်ပြီးအပင်ပေါက်လာတော့ အပင်ငယ်စဉ်မှာ ပင်စည်ထိုးယင်ဆိုတာ ကျရောက် ဖျက်ဆီးတတ်သေးသည်။ ဆေးဖျန်းကာကွယ်နှိမ်နင်းရပါဦးမည်။ ပေါင်းမြက်ကင်းစင်ရေးကတော့ အပင်ပေါက်ပြီး (၂)ပတ်သားကနေ ပန်းပွင့်ချိန်ထိ ကင်းစင်အောင် ဆောင်ရွက်ဖို့ ဖြစ်ပါသည်။
ပဲတီစိမ်းသီးနှံ
-------------
▪️ အောက်တိုဘာလယ်ဆိုရင် စတင်စိုက်သည့်ဒေသတွေရှိသည်။ ညအပူချိန်မြင့်သော မြန်မာနိုင်ငံအောက်ပိုင်းဒေသအချို့မှာပါ။ နုံးမြေနှင့် သဲနုံးမြေတွင် စိုက်ပျိုးသင့်ပြီး ရှိသင့်သည့်မြေအချဉ်အငန်ဓာတ်ကတော့ ၆ ဒသမ ၅ မှ ၇ ဒသမ ၀ အတွင်းပင် ဖြစ်သည်။
▪️ အပင်ပေါက်နှုန်းကောင်းမွန်သော အဝါရောင်မိုစေ့ရောဂါဒဏ်ခံနိုင်သည့်မျိုးကို သုံးရန် ဖြစ်သည်။ ရေဆင်းပဲတီစိမ်း-၁၁ နှင့် ရေဆင်းပဲတီစိမ်း-၁၄မျိုးများကို စိုက်ပျိုးသင့်ပါသည်။ပဲမျိုးစုံသီးနှံတစ်မျိုးဖြစ်လေတော့ နိုက်ထရိုဂျင်အာဟာရအတွက် ပဲမြစ်ဖုဇီဝမြေသြဇာနှင့် လူးနယ် စိုက်ပျိုးရမှာ ဖြစ်ပါသည်။ မတ်ပဲလိုပင် အပင်ငယ်စဉ် မှိုရောဂါကျရောက်ဖျက်ဆီးတတ်သေးတာပါ။ မှိုသတ်ဆေး တစ်မျိုးမျိုးနှင့် လူးနယ်စိုက်ပျိုးကာကွယ်သင့်ပါသည်။
▪️ မတ်ပဲနှင့်တူတာနောက်တစ်မျိုးရှိသေးသည်။ ပင်စည်ထိုးယင်ကျရောက်ဖျက်ဆီးတတ် တာ ဖြစ်သည်။ မျိုးစေ့လူးနယ်ဆေးတစ်မျိုးမျိုး နှင့်လူးနယ်စိုက်ပျိုးရမည်။ တစ်ဧကလျင် အပင်ဦးရေ တစ်သိန်းအပြည့်အဝရရှိရန် တန်းကြား တစ်ပေခွဲ ပင်ကြား ၃ မှ ၄ လက်မထားရှိ စိုက်ပျိုးရန်ဖြစ်သည်။ ပေါင်းမြက်ကိုတော့ အပင်ငယ်စဉ်မှာ နိုင်နင်းအောင် နှိမ်နင်းထားဖို့ ဖြစ်ပါသည်။
မိုးစပါးသီးနှံ
-----------
▪️ နိုင်ငံတစ်နံတစ်လျားစိုက်ထားသည့်စပါးသီးနှံတွေ ဘယ်ကြီးထွားမှုကာလကို ရောက်နေပြီလဲ။ ကြီးထွားကာလအလိုက် စပါးအထွက်မိတ်ဖက်(Yield Components)တွေအပေါ် အကျိုးပြုနိုင်မှုတွေရှိသည်။ အများစုမှာ မျိုးပွားပိုင်းကာလ(Reproductive Phase)ကို ရောက် လောက်ပြီ။ ဒီကာလက စပါးအထွက်နှုန်းမိတ်ဖက်တစ်ခုဖြစ်သော တစ်နှံရှိစပါးစေ့အရေအတွက် များဖို့ အရေးကြီးသည့်ကာလပါ။ တစ်နှံမှာ စပါးစေ့အရေအတွက် (number of grains per panicle) များလေ တစ်ဧကစပါးအထွက် မြင့်မားဖို့ အခွင့်အလမ်းများလေ ဖြစ်ပါသည်။
▪️ စိုက်ချိန်စောသည့် စပါးခင်းတွေကတော့ ဒီအဆင့်ထက်ကျော်လောက်ပြီ။ ရင့်မှည့်သည့် ကာလ(Ripening Phase)ကို ရောက်နေလောက်သည်။ ဒီကာလက အောင်မြင်သောစပါးစေ့ ရာခိုင်နှုန်း(percentage of filled grains)များဖို့နှင့် အစေ့ ၁၀၀၀ အလေးချိန်(weight of 1000 grains)ကောင်းဖို့ အရေးကြီးသည့်ကာလ ဖြစ်ပါသည်။
▪️ မျိုးပွားပိုင်းကြီးထွားသည့်ကာလမှာ အာဟာရချို့ယွင်းမှုမရှိစေရေး (အထူးသဖြင့် နိုက်ထရို ဂျင်)ကျွေးပေးသင့်သည်။ ရင့်မှည့်သည့်ကာလတွင်တော့ အလေအလွင့်နည်းပါးစေရန် ရိတ်သိမ်းချိန်မှန်တွင် ရိတ်သိမ်းပါ၊ ရိတ်သိမ်းပြီးလျင်ပြီးချင်း ချက်ချင်းချွေလှေ့ပါရန်အသိပေး လိုပါသည်။
မျိုးစေ့ထုတ်စပါးစိုက်ခင်း
-----------------------
▪️ စိုက်ခင်းအတွင်း ရေထိန်းသိမ်းခြင်း၊ ပေါင်းနှိမ်နင်းခြင်း၊ မြေသြဇာကျွေးခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်းစသည့် ပြုစုဂရုစိုက်သည့်လုပ်ငန်းများကို လစ်ဟင်းမှုမရှိ အောင် ဆောင်ရွက်စေလိုပါသည်။ပင်ပွားအများဆုံးထွက်ချိန်မှာ ပထမအကြိမ် မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းကို ဆောင်ရွက် ပြီးစီးကြမည်ဟု ယူဆသည်။ ပန်းပွင့်ချိန်နှင့် မရိတ်သိမ်းမီအချိန်တို့မှာ ဒုတိယအကြိမ်နှင့် တတိယအကြိမ် မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းတို့ကို စနစ်တကျဆက်လက်ဆောင်ရွက်ဖို့ ဖြစ်ပါ သည်။
▪️ ပန်းပွင့်ချိန်မှာ စပါးအနှံများ ပန်းပွင့်ဖြစ်ပေါ်မှုကိုကြည့်ပြီး ပန်းပွင့်စောလွန်းခြင်း၊ နောက်ကျလွန်းခြင်းဖြစ်သော အပင်များကို နှုတ်ပယ်ဖို့ပါ။ မရိတ်သိမ်းမီတွင်တော့ ရင့်မှည့်မှု စောလွန်း၊ နောက်ကျလွန်းသောအပင်များ၊ စိုက်သည့်မျိုးနှင့် စပါးအစေ့ပုံသဏ္ဍာန်၊ အရောင်နှင့် အရွယ်အစား ကွဲပြားသောအပင်များကို ကုန်စင်အောင်နှုတ်ပယ်ရမှာ ဖြစ်ပါသည်။
▪️ မျိုးသန့်စင်ရေးသည် အရေးကြီးသည်ဖြစ်ရာ စပါးအထွက်လျော့နည်းမှာစိုး၍ မျိုးကွဲများ ကို ကုန်စင်အောင်မပယ်ခြင်း၊ ကုန်ကျစရိတ်များမှာစိုး၍ မျိုးကွဲနှုတ်ပယ်လုပ်သားချွေတာခြင်း တို့ကို ရှောင်ရှားကြစေလိုပါသည်။ အောက်တိုဘာလမှာ စိုက်ပျိုးသုတပေးလိုတာ ဤမျှသာဖြစ်ပါသည်။
မောင်ဖူးဝေ(တောင်တွင်းကြီး)
The Farmer Media