menu

စပါးရိတ်သိမ်းချိန် ရိတ်သိမ်းခများ မြင့်တက်လာနိုင်


🌾🌾🌾🌾🌾🌾🌾🌾🌾🌾

🔘နိုင်ငံခြားငွေဒေါ်လာစျေး မြင့်တက်လာမှုနှင့်အတူ ပြည်တွင်းစက်သုံးဆီစျေးမှာ ဖေဖော်ဝါရီလ မှ စက်တင်ဘာလကုန်ထိ ရှစ်လအတွင်း ဂါလံ ၅၀ တစ်ပေပါလျှင် ကျပ်နှစ်သိန်းကျော်စျေးမြင့်တက် လာကြောင်း သိရသည်။ စက်တင်ဘာလကုန်ပိုင်းတွင် ဒီဇယ်၊ ဓာတ်ဆီ တစ်ဂါလံကျပ် ၈,၀၀၀ ကျော် ပေါက်စျေးဖြစ်လာကာ တစ်လအတွင်း ဂါလံ ၅၀ တစ်ပေပါလျှင် ကျပ်တစ်သိန်းနီးပါး စျေးမြင့်တက် လာသည်။

🔘ထိုသို့မြင့်တက်လာသဖြင့် လာမည့်စပါးရိတ်သိမ်းချိန်တွင် ရိတ်သိမ်းခစျေးနှုန်းများ မြင့်တက်လာနိုင် သလို စပါးရိတ်သိမ်းမှု နှင့် သယ်ဆောင်ခများအတွက် လုပ်သားခများ မြင့်တက်လာနိုင်ကြောင်း စပါးစိုက်တောင်သူ ဦးလေးချစ်ကပြောသည်။ ယခင်နှစ်က နေပြည်တော်၊ တောင်ငူ နှင့် ဒိုက်ဦး ဒေသများသို့သွားရောက်ကာ စပါးရိတ်သိမ်းဝန်ဆောင်မှုပေးသော်လည်း ယခုနှစ်တွင် လုံခြုံရေး အရသွားရောက်နိုင်ခြင်းမရှိသေးကြောင်း နှင့် စက်သုံးဆီစျေးကြီးမြင့်နေခြင်းကြောင့် ရိတ်သိမ်းခ စျေးမြင့်တက်သဖြင့် ဝန်ဆောင်ခရရှိရန် ခက်ခဲလာနိုင်သဖြင့် လုပ်ငန်းရပ်နားထားရကြောင်း စပါးရိတ်သိမ်းဝန်ဆောင်မှုပေးနေသည့် ဝင်းသီတာ ရိတ်သိမ်းလုပ်ငန်းပိုင်ရှင် ဦးဝင်းကိုက ပြောသည်။

🔘“မနှစ်က ဒီအချိန် အောက်ပိုင်းကိုဆင်းပြီး စပါးရိတ်ဆင်းနေပါပြီ။ ဒီနှစ်တော့မသွားရဲဘူး။ ဆီစျေးကလည်း တစ်ပေပါကျပ် သုံးသိန်းကျော် တစ်နယ်ဆင်းရင် ပေပါ (၄၀-၅၀) သယ်သွားရတယ်။ စပါးအဝယ်ကလည်းအေးနေတော့ ဒီအချိန် ရိတ်သိမ်းခတောင်းရတာ ပိုခက်ခဲနိုင်တယ်။ ဒီနှစ်စပါးရိတ်ခ က တစ်ဧက ကျပ် ၆၀,၀၀၀ စျေးရိတ်တာ ဆီစျေးတက်လာတော့ စျေးကဆက်တက်နိုင်တယ်။ လက်ရှိ ဆီစျေးနဲ့ မန္တလေးဒေသ ကောက်ကြီးရိတ်ချိန်ဆိုရင် တစ်ဧက ကျပ် ၈၀,၀၀၀ ကျော်လိမ့်မယ်။ နယ်ဆင်းပြီး စပါးရိတ်သိမ်းတာကို နားထားရတယ်” ဟု ၎င်းကပြောသည်။

🔘လယ်ယာလုပ်ငန်းခွင်တွင် လုပ်သားခစျေးမြင့်တက်လာသလို လုပ်သားလျော့ချဆောင်ရွက်နေရကြောင်း နှင့် သွင်းအားစုနှင့်လုပ်သားခစရိတ်များ မြင့်တက်သဖြင့် လျော့ချသုံးစွဲမှုများပါက စပါးအထွက်နှုန်း လျော့ကျနိုင်ကြောင်း မတ္တရာမြို့နယ်မှတောင်သူ ဦးမြင့်လွင်က ပြောသည်။ “လယ်လုပ်သားခတွေက အရင်က ကျပ် (၅,၀၀၀- ၆,၀၀၀) ပေးရတာကနေ အခု ကျပ် ၈,၀၀၀ လောက်ပေးရတဲ့အပြင် အကုန် အလုပ်မပေးနိုင်တော့ဘူး။ စပါးစျေးအေးနေတော့ လယ်အလုပ်က လုပ်သားလျှော့သုံးနေရတယ်။ မျိုးစေ့ထုတ် စံပြအကွက်မို့ အလုပ်သမားခေါ်နေရပေမယ့် အခြားလယ်ပိုင်ရှင်တွေဆိုရင် အလုပ်သမားမခေါ်နိုင်တော့ဘူး။ မြေဆီလည်း မကျွေးနိုင်ကြတော့ အထွက်နှုန်းကတော့လျော့တော့မှာပါ။ ပိုးသတ်ဆေး၊ မြေဆီစျေး အလုပ်သမားစရိတ် စတာတွေသာဈေးကြီးလာတာ စပါးစျေးက အဝယ် မရှိသေးဘူး။ မြို့ပေါ်မှာ လုပ်ငန်းတွေနားထားတော့ ရွာတွေမှာ အလုပ်အကိုင်မဲ့တွေများနေတယ်။ လာမယ့် မိုးစပါးသိမ်းချိန် ရိတ်သိမ်းခ ဘယ်လောက်နဲ့ရိတ်ရမယ် မသိသေးဘူး။ ရွာနားကဆီဆိုင်တွေလဲ ပိတ်ကုန်ပြီ အခြေအနေမကောင်းဘူး” ဟု ၎င်းကပြောသည်။

🔘ဒေါ်လာငွေစျေးမြင့်တက်မှုနှင့် ဆီတင်သွင်းမှု ရောင်းချမှုဆိုင်ရာမူဝါဒ အပြောင်းအလဲများကြောင့် နိုင်ငံခြားမှ တင်သွင်းရသည့် စက်သုံးဆီစျေးနှုန်းများမှာ စက်တင်ဘာလကုန်ရက်များတွင် နေ့ချင်း စျေးအပြောင်းအလဲမြန်ဆန်စွာ စျေးမြင့်တက်ခဲ့ကြောင်းနှင့် ပြည်တွင်းစက်သုံးဆီဆိုင်များကို လက်ကားရောင်းချမှုပမာဏ ကန့်သက်ချက်ရှိလာသလို လက်လီပြန်လည်ရောင်းချမှုမှာလည်း ယခင်ကဲ့သို့ လိုသလောက်ဝယ်ယူမရနိုင်တော့ဘဲ လျော့ချရောင်းချနေကြောင်း မန္တလေးမြို့ မှ စက်သုံးဆီအရောင်းမန်နေဂျာ ဦးနေဝင်းအောင် က ပြောသည်။

🔘“ဆီတင်သွင်းတဲ့ ကုမ္ပဏီကြီးတွေကို ဗဟိုဘဏ်က ဒေါ်လာရောင်းချပေးတာတွေ ရှိလာသလို သတ်မှတ်စျေးနဲ့ရောင်းချဖို့ ဖြစ်လာတယ်။ ဒီတော့ သူတို့ဆိုင်တွေကတော့ အဲ့ဒီသတ်မှတ်စျေး ရောင်းပေးနိုင်တယ်။ သူ့တို့ကနေတစ်ဆင့်ယူရောင်းတဲ့သူတွေကတော့ ပေါက်စျေးအပြောင်းအလဲ အတိုင်းဆိုတော့ ရောင်းရတာအဆင်မပြေတော့ဘူး။ အချို့ဆီဆိုင်တွေ ရပ်နားကုန်တယ်။ ဒီလကုန် ရက်ပိုင်းလေးမှာ တစ်ရက်တစ်စျေးကနေ တစ်ရက် မနက်စျေးညနေစျေးနဲ့ တက်လာတာ ဆီတစ်ဂါလံ ကျပ် ၈,၀၀၀ကျော် တစ်ပီပါ ကျပ်တစ်သိန်းနီးပါးစျေးတက်သွားတယ်။ ဆီသုံးစွဲမှုကတော့လျော့ကျနေဆဲ ပုံမှန်သုံးစွဲမှုမရှိသေးပါဘူး” ဟု ၎င်းကပြောသည်။

🔘မန္တလေးမြို့ပေါ်ရှိ စက်သုံးဆီဆိုင်အချို့ ပိတ်နားမှုများရှိလာပြီး စက်တင်ဘာ (၃၀) ရက်နေ့ မနက်ပိုင်း တွင် ဒီဇယ်တစ်ဂါလံလျှင် ကျပ် ၈,၀၅၅ ၊ပရီမီယမ်ဒီဇယ် တစ်ဂါလံ ကျပ် ၈,၁၉၀ ၊ ၉၂ အောက်တိန်းဆီ တစ်ဂါလံ ကျပ် ၈,၇၅၂ ၊ ၉၅အောက်တိန်းဆီ တစ်ဂါလံ ကျပ် ၈,၉၃၂ ထိ စံချိန်တင်စျေးမြင့်တက်လာ သည်။ ယင်းစက်သုံးဆီစျေးများမှာ မန္တလေးမြို့ပေါ် စက်သုံးဆီဆိုင်များမှာ အကန့်အသတ်ဖြင့်ရောင်းချ သည့်ပေါက်စျေးဖြစ်ပြီး နယ်အကွာအဝေးအလိုက် စျေးနှုန်းကွာခြားချက်ရှိခြင်းကြောင့် နယ်များတွင် ဆီစျေး ယခုထက်ပိုမိုစျေးမြင့်တက်လာနိုင်ကြောင်းသိရသည်။ စက်သုံးဆီဈေးနှုန်းများမြင့်တက်လာခြင်း ကြောင့် နေ့စဉ်အလုပ်ဆင်းကြသည့် အခြေခံလုပ်သားများမှာလည်း အခက်အခဲဖြစ်လာကြောင်း၊ ယခင် ဆိုင်ကယ်ဆီ ကျပ်တစ်ထောင်ဖိုးဖြင့် နေ့စဉ်အလုပ်သွားနိုင်သော်လည်း ယခုဆီစျေးဖြင့် ကျပ် ၂,၀၀၀ ဖိုးထည့်မှသာ လုံလောက်တော့ကြောင်းနှင့် လုပ်အားခမှာ ကျပ် (၄,၀၀၀-၅,၀၀၀) သာ ရရှိကြောင်း ပုသိမ်ကြီးမြို့နယ်မှ အလုပ်သမားတစ်ဦးကပြောသည်။

Credit to : ရွှေမန်း (မြန်မာတောင်သူကြီးများဂျာနယ်)