menu

“စပါးစိုက်ဧကနည်းခဲ့သည့်အတွက် စျေးကောင်းရနေ”


🌾🌾🌾🌾🌾🌾🌾🌾🌾🌾

⏭ ယခုနှစ် စပါးစျေးမှာ ပြီးခဲ့သည့်နှစ်ထက် စျေးကောင်းရနေကြောင်း တောင်သူများထံမှ သိရသည်။ ယခုနှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် စပါးစိုက်ဧကနည်းသွားခြင်း နှင့် ဆန်စပါးများ export ပုံမှန်ရှိနေ၍ ရောင်းလိုအားရှိနေခြင်းကြောင့် စပါးစျေးကောင်းနေကြောင်းသိရသည်။ 

⏭ “ဒါက နည်းနည်းပြန်ကျသွားတာ။ အခုက စပါးပေါ်ချိန်ပေါ့ ၊ ဒါပေမဲ့အများကြီးစျေးကျမသွားနိုင်ဘူး။ export သမားတွေလည်း တင်ပို့ဖို့ ပုံမှန်စာချုပ်တွေရှိတယ်။ ပြီးတော့ တောင်သူတွေဘက်ကလည်းဒီနှစ် စပါးစိုက်ဧက တော်တော်နည်းသွားတယ်။ exporterတွေကလဲ စာချုပ်ချုပ်ထားတာဆိုတော့ မဖြစ်မနေ ဝယ်ရမှာပဲ၊ နောက်ပြီး စားသုံးမှုကလဲရှိသေးတယ်ဆိုတော့ ဒီနှစ် စပါးစျေးက ခိုင်မှာပါ” ဟု ဧရာဝတီတိုင်းဒေသကြီးမှ စပါးစိုက်တောင်သူ ဦးအောင်သိန်း ကပြောသည်။

⏭ ပြီးခဲ့သည့်နှစ်များက စပါးစျေးမှာ ၅ သိန်းခွဲမှ ၆သိန်းခွဲ ထိရရှိခဲ့ပြီး ယခုနှစ် စပါးအခြောက် (၅၄ပေါင်) လျှင်၆သိန်းခွဲမှ ၇သိန်းကျော်ကြားတွင်ရှိကြောင်း စပါးစျေးမှာ နေရာဒေသအလိုက်ပြောင်းလဲနိုင်ကြောင်း သိရသည်။ “ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် စပါးတစ်ရာ အပေါ်မှာ ငါးသောင်းလောက်စျေးပိုရတယ်။ ဒါပေမဲ့ ဒေါ်လာစျေးကြောင့် သွင်းအားစုကြတော့ တစ်ဧကကို ပျှမ်းမျှအားလုံးခြုံလိုက်ရင် မိုးစပါး မှာ ရှစ်သောင်းနဲ့ တစ်သိန်းကြားလောက်ပိုကုန်တယ်။ နွေစပါးဆို ပိုကုန်နိုင်တယ်” ဟု စပါးစိုက်တောင်သူ တစ်ဦးကပြောသည်။ 

⏭ စစ်ကိုင်းဒေသကြီးတွင် လယ်ယာမြေများနှင့် တောင်ယာမြေများတွင် စိုက်ပျိုးခဲ့ကြသည့် မိုးစပါးများမှာ ယခုနှစ်တွင် မိုးလေဝသကောင်းမွန်ခဲ့သောကြောင့် အထွက်နှုန်းကောင်းခဲ့ပြီး စပါးစျေးမှာလည်း ယခင်နှစ်ထက် တစ်တင်းလျှင် ငွေကျပ် ၆,၅၀၀ ထိ စျေးရရှိလာ၍ စပါးစိုက်တောင်သူများထံမှသိရသည်။ သို့သော် နွေစပါးအလုံးအရင်းပေါ်မည့် မတ်လ နှင့် ဧပြီလနှောင်းပိုင်းတွင် ရောင်းလိုအားများကာ စပါးစျေးအနည်းငယ်ကျသွားနိုင်ကြောင်း တောင်သူများက သုံးသပ်ကြသည်။ 

⏭ ၂၀၂၁ ခုနှစ် မိုးစပါးနှင့် ၂၀၂၂ ခုနှစ် နွေစပါးတို့အတွက် အခြေခံရည်ညွှန်းစပါးစျေးနှုန်းအား အရည်သွေး ဆိုင်ရာသတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် တစ်တင်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ၏ အခြေခံရည်ညွှန်းစျေးနှုန်းကို ကျပ် ၅၄၀,၀၀၀ သတ်မှတ်ကြောင်း သိရသည်။ ထို့ကြောင့် အခြေခံ ရည်ညွှန်းစျေးထက်စျေးပိုရနေကြောင်း၊ ယခုကဲ့သို့ ဆက်လက်ဖြစ်နေပါက တောင်သူများအတွက် အဆင်ပြေနိုင်မည်ဖြစ်ကြောင်းသိရသည်။ 

⏭ မိုးစပါးစိုက်ချိန်က မြေဩဇာစျေးအပါအဝင် ဒီဇယ်စျေး၊ မှိုသတ်ဆေး၊ ပိုးသတ်စျေးအားလုံး စျေးများ မြင့်တက်ခဲ့ခြင်းနှင့် ရာသီဉတုအခြေအနေများကြောင့် စပါးစိုက်ဧကလျော့ကျခဲ့ကာ စပါးသီးနှံ စိုက်ပျိုးဧကအနည်းဆုံးနှစ် ဖြစ်ကြောင်းလည်းသိရသည်။ မိုးစပါးတွင် ရတနာတိုး၊ ဆင်းသုခ နှင့် GW မျိုး ဟူ၍ အမျိုးစားသုံးမျိုးကို အဓိကထားအများဆုံးစိုက်ပျိုးကြကြောင်းသိရပြီး မကြာခင်နွေစပါးများ စတင်ပေါ်တော့မည်ဖြစ်ကြောင်း တောင်သူများထံမှသိရသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်မိုးစပါးနှင့် နွေစပါးစိုက်ဧက ခန့်မှန်းခြေ ဧက (၁၆) သန်းကျော်ထိ ရှိကြောင်းလည်းတောင်သူများမှဆိုသည်။

⏭ သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : AMIA Market News