menu

သတိ ဖျက်အားပြင်း ကန္တာရကျိုင်းများ အချိန်မရွေး ရောက်လာနိုင်သည်

    
🚩သတိ ဖျက်အားပြင်း ကန္တာရကျိုင်းများ အချိန်မရွေး ရောက်လာနိုင်သည်🚩  
 
🦗🦗🦗🦗🦗🦗🦗🦗🦗🦗🦗🦗🦗🦗  

🔸တစ်အုပ်လျှင် ကောင်ရေသန်းချီနေသည့် ဖျက်ဆီးနိုင်စွမ်း မြင့်မားလွန်းသည့် ကန္တာရကျိုင်းကောင်(နှံကောင်) ကြီးများက အရှေ့အာဖရိကဒေသသို့ ချင်းနင်းဝင်ရောက်လာပြီး အငတ်ဘေးဆိုက်နေသည့် ထိုဒေသ၏ စားနပ်ရိက္ခာအ ကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့သည်။ ထို့နောက်အာဖရိကဒေသမှတစ်ဆင့် ကင်ညာ၊ အီရန်၊ ပါကစ္စတန် နိုင်ငံတို့သို့ ရောက်ရှိလာပြီး အိမ်နီးချင်းအိန္ဒိယနိုင်ငံအထိပင် ခြေဆန့်လာကြပြီဖြစ်သဖြင့် မြန်မာနိုင်ငံသို့လည်း အချိန်မရွေးဝင်ရောက်လာနိုင်သည့်အန္တရာယ် မြင့်မားလာသည်။ကန္တာရကျိုင်းအုပ်များတွင် ကောင်ရေသန်းရာနှင့်ချီ ပါဝင်နိုင်သည်ဟု ခန့်မှန်းတွက်ချက်ထားကြပြီး မည်သည့်အပင်ကိုမဆို စားသောက်ဖျက်ဆီးတတ်ကြပြီး စားသောက်နိုင်စွမ်းလည်း မြင့်မားသည်။  

🔸ကောင်ရေ သန်း ၄၀ ခန့်ပါဝင်သည့် တစ်စတုရန်းမီတာကျယ်ဝန်းသော ကျိုင်းကောင်တစ်အုပ်သည် တစ်ရက်အတွင်း လူသုံးသောင်းခွဲ စားသောက်နိုင်သည့် အစားအစာပမာဏကို စားသုံးနိုင်သည်။ကျိုင်းကောင်များ လက်ရှိရောက်နေသည့် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် စစ်ကိုင်းတိုင်းဒေသကြီးတွင် အချိန်မရွေးရောက်လာနိုင်သည့် အဖျက်ကောင်များကို ကြိုတင်သတိထား ပြင်ဆင်နေရသည်။ ကျိုင်းကောင်များကို တွေ့ရှိပါက နီးစပ်ရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးများကိုအကြောင်းကြားရန် စစ်ကိုင်းတိုင်း စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများကို တပ်လှန့်ထားသည်။“အခု ကျွန်တော်တို့ အသိပညာပေးခြင်းလုပ်ငန်းတွေ လုပ်နေပါတယ်။ အုပ်စုက ဟိုတစ်စု၊ ဒီတစ်စုကွဲလာပြီး သတိမထားမိခင် ဥ ဥချ၊ အကောင်ပွားလာမှာမို့ ထူးခြားတာတွေ့ရင် လက်ဦးမှုရဖို့ အချိန်မီဆေးဖျန်းနိုင်အောင် အကြောင်းကြားစေချင်တာပါ။ ပညာရှင်များနဲ့လည်း လေ့လာနေပါတယ်။ စိုးရိမ်စရာအနေအထား မရှိပါဘူး”ဟု စစ်ကိုင်းတိုင်း စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။  

🔸စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များရှိ စိုက်ပျိုးရေးဦးစီးဌာနများမှ တာဝန်ရှိသူများကိုလည်း ကျိုင်းကောင်ကြိုတင် ကာကွယ်ရေးအသိပညာပေး သင်တန်းများ ပို့ချနေကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားသည်။ ဇွန် ၂၂ ရက်က ကသာခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကသာ၊ အင်းတော်၊ ဗန်းမောက်နှင့် ထီးချိုင့်မြို့နယ်တို့ရှိ စိုက်ပျိုး ရေးဦးစီးဌာန တာဝန်ရှိသူများနှင့် နည်းပညာပြန့်ပွားရေးစင်တာ တာဝန်ခံများကို သင်တန်းပေးခြင်းဖြစ်ပြီး ၎င်းတို့ နယ်မြေအတွင်းရှိ ကျေးရွာများနှင့် စိုက်ကွင်းများအထိ ပညာပေးခြင်းနှင့် ကျိုင်းကောင်များကျရောက်မှုကို ကင်းထောက်စစ်ဆေးခြင်းလုပ်ငန်းများ ဆက်တိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကသာခရိုင် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးဖုန်းမောင်က ဆိုသည်။ အိန္ဒိယနိုင်ငံမြောက်ပိုင်းကို ကျိုင်းကောင်အုပ်များ ရောက်ရှိနေပြီး မြန်မာ၊တရုတ်၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့အထိ ရောက်လာနိုင်သည့်အလားအလာ ရှိနေသည့်အတွက် ကြိုတင်လက်ဦးမှုယူနိုင်ရန် သင်တန်းများပေးခြင်းဖြစ်ကြောင်း ဦးဖုန်းမောင်က နိုင်ငံပိုင်မီဒီယာကို ပြောသည်။  

🔸 “တစ်အုပ်မှာ အကောင်ရေသန်း ၁၅၀ ခန့်အထိပါပြီး စတုရန်းကီလိုမီတာ ၂၄၀၀ လောက်အထိ ကျယ်ဝန်းပါတယ်။ လုံးဝပျက်စီးအောင် ဖျက်ဆီးနိုင်တဲ့အထိ အဖျက်စွမ်းအားကြီးတဲ့အတွက် ကျွန်တော်တို့က အဓိကလုပ်ငန်းတစ်ရပ်အနေနဲ့ စတင်လှုပ်ရှားတာ ဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။ကျိုင်းကောင်အုပ်သည် ပါကစ္စတန်နိုင်ငံတွင် ဝင်ရောက်ဖျက်ဆီးခဲ့ပြီး မေလကုန်တွင် အိန္ဒိယအနောက်ပိုင်း၊ မြောက်ပိုင်းဒေသများသို့ ဝင်ရောက်ခဲ့ပြီး အိန္ဒိယနှင့် နယ်နိမိတ်ထိစပ်နေသော မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ တရုတ်နိုင်ငံတို့သို့ ဇွန်လကုန်နှင့် ဇူလိုင်လ၊ သြဂုတ်လအတွင်း ရောက်ရှိလာနိုင်ခြင်းကြောင့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က သတိပေးထားသည်။ ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းဒေသကြီး ကောလင်း၊ ဝန်းသိုမြို့နယ်တို့တွင် ကျိုင်းကောင်များ တွေ့ရှိရသည်ဟု ရေးသားကာ ပုံများနှင့်အတူ လူမှုကွန်ရက်တွင် ပျံ့နှံ့လာပြီး တောင်သူများ စိုးရိမ်မှုမြင့်တက်ခဲ့သည်။  

🔸ထို့ကြောင့် အဆိုပါဒေသသို့ သွားရောက်စစ်ဆေးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနက ပညာရှင်အဖွဲ့က ဇူလိုင် ၂၇ ရက်နံနက်ပိုင်းက လေယာဉ်ဖြင့် သွားရောက်နေကြောင်း စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက မြန်မာတောင်သူကြီးများဂျာနယ်ကိုပြောသည်။“အဲဒီဘက်မှာ တွေ့တယ်ဆိုပြီး သတင်းရလို့ ကျွမ်းကျင်ပညာရှင်များကို မနက်ဖြန်သွားဖို့ လွှတ်ထားပါတယ်။ကန္တာရကျိုင်းအမျိုးအစား ဟုတ်၊ မဟုတ်ကို အတည်မပြုနိုင်သေးပါဘူး။ ရရှိတဲ့ ဓာတ်ပုံပေါ်မှာ အခြေခံရင်တော့ မဖြစ်ဖို့များပါတယ်။ လောလောဆယ် တိကျတဲ့သတင်းရမှပဲ သတင်းထုတ်ပြန်နိုင်မယ်။ သေချာစိစစ်ပြီးရင် သတင်းထုတ်ပြန်မယ်” ဟု ဒေါက်တာရဲတင့်ထွန်းက ပြောသည်။လှုမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် ဓာတ်ပုံများအရဆိုလျှင် စိတ်ပူနေရသည့် ကန္တာရကျိုင်းကောင်မဟုတ်ကြောင်း သီးနှံကာကွယ်ရေးဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်မာလာမြင့်ကပြောသည်။  

🔸စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးလှိုင်ဝင်းကလည်း ဝန်းသိုမြို့နယ်တွင် ကျရောက်နေသည့် ကျိုင်းကောင်များမှာ ပြည်တွင်းမျိုးရင်းကျိုင်းကောင်များသာဖြစ်ကြောင်းပြောသည်“မြန်မာနိုင်ငံအတွင်းမှာ ကန္တာရ ကျိုင်းကောင်ကျတာ မရှိသေးပါဘူး။ စစ်ကိုင်းတိုင်းထဲ ဝန်းသိုမြို့နယ် ဂျိုထောင် ကျေးရွာမှာ ကျရောက်တယ်ဆိုလို့ သွား ကြည့်ခဲ့ပါတယ်။ အဲဒါက ကန္တာရကျိုင်း ကောင်မျိုး မဟုတ်ပါဘူး။ ပြည်တွင်းမှာရှိတဲ့ မျိုးရင်းကျိုင်းကောင်တွေ ဖြစ်ပါတယ်။ သူတို့ပြန့်ပွားမှုကလည်း မကောင်းသလို ဖျက်ဆီးမှုကလည်း အနည်းငယ်ပဲရှိပါတယ်“ ဟု ၎င်းကပြောသည်။ကန္တာရကျိုင်းကောင်များနှင့် ပြည်တွင်းရှိ မျိုးရင်းကျိုင်းကောင်များ ကွာခြားမှုမှာ အတောင်ပံများတွင် အစက်အပြောက်များ ပါဝင်ခြင်း၊ အမွေးအမှင်များ ရှည်ခြင်း၊ ပျံသန်းနှုန်းမှာ သွက်လက်မြန်ဆန်ခြင်း စသည့်လက္ခဏာများကို သိသာထင်ရှားတွေ့မြင်ရလျှင် အကြောင်းကြားကြရန် လိုအပ်ကြောင်း ဦးလှိုင်ဝင်းက ပြောသည်။  

🔸လက်ရှိတွင် မရောက်သေးသော်လည်း လေသင့်ရာအတိုင်းပျံသန်းကြပြီး တစ်ရက်လျှင် ကီလိုမီတာ ၁၅၀ ကျော်အထိ သွားနိုင်သည့်ကျိုင်းကောင်များမှာ မြန်မာနိုင်ငံသို့ အချိန်မရွေးရောက်လာနိုင်သည့်အခြေအနေ ရှိနေဆဲဖြစ်သည်။ အအေးပိုင်းဒေသများမှလွဲ၍ အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများတွင် အချိန်မရွေး ကျရောက်လာနိုင်သည့်အနေအထားရှိကြောင်း ကသာခရိုင် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဖုန်းမောင်က ပြောသည်။ ကျိုင်းကောင်များမှာ မိုးကြီးများရွာသည့်အခါ အုပ်စုဖွဲ့လေ့ရှိကြပြီး ရာသီဥတုပေါ်မူတည်ပြီး သွားလာတတ်ကြောင်း ပညာရှင်များကပြောသည်။ ထို့ကြောင့် မိုးကြီးခြင်း၊ မုန်တိုင်းတိုက်ခြင်း စသည့် မိုးလေဝသဖြစ်စဉ်များကို အမြဲစောင့်ကြည့်ရန်လိုအပ်ကြောင်း ဒေါက်တာခင်ခင်မာလာမြင့်ကပြောသည်။  

🔸ကျိုင်းကောင်သည် ဥမြုံများကို မြေကြီးထဲတွင် ငါးစင်တီမီတာမှ ၁၀ စင်တီမီတာအနက်အထိ ဥချလေရှိသည့်အတွက်ဥမြုံများကို အရင်ဆုံး ဖျက်ဆီးပစ်ရမည်ဖြစ်ကြောင်း၊ မြေကိုထွန်၊ ပေါက်တူးများဖြင့် နက်နက်တူးဆွဖျက်ဆီးရန် လိုအပ်ကြောင်း၊ အကောင်ပေါက်လေးများ ပေါက်လာလျှင် ဘဲများလွှတ်ကျောင်းပြီး နှိမ်နင်းနိုင်ကြောင်း၊ နောက်ဆုံးတစ်နည်းမှာ ပိုးသတ်ဆေးဖျန်းပြီး နှိမ်နင်းနိုင်ကြောင်း ဒေါက်တာခင်ခင်မာလာမြင့်က ပြောသည်။ “ဒီကျိုင်းကောင်ကာကွယ်နည်းက နည်းပေါင်းစုံတော့ရှိတယ်။ မီးကွင်းပစ်၊မီးတုတ်တွေပစ်ပြီးလည်း သုံးလို့ရတယ်။အိန္ဒိယမှသုံးနေတယ်။ နောက်တစ်ခုကတုတ်တွေနဲ့ရိုက်တာ၊ ခြောက်တာရလည်းရတယ်။နောက်ဆုံးပိုးသတ်ဆေးဖျန်းမယ်ဆိုရင်လည်း လူတွေမစားဖို့ လိုက်ပြီးပညာပေးရမယ်။ ဆရာမတို့ကတော့ ပိုးကောင်သေစေချင်လို့ ဖျန်းတယ်ဆိုပေမယ့် တချို့နယ်က လူတွေက ဒီကောင်ကိုစားတယ်လို့သိရတယ်။ ဘာကြောင့်လဲဆိုတော့ ပုရစ်လိုမျိုး ဒီကောင်တွေကိုတွေ့လို့ စားတယ်လို့ သိရတယ်။ လွဲမှားပြီး ပိုးသတ်ဆေးဖျန်းတဲ့ဟာကို မစားဖို့ပြောချင်တယ်“ဟု ၎င်းကပြောသည်။  

🔸ထို့ပြင် ကျိုင်းကောင် ဥများချချိန်တွင်မြေများကို ထွန်ယက်ပေးခြင်း၊ သီးနှံပင်အရွက်များကို ကြက်သွန်ဖြူ ပိုးသတ်ဆေးရည်ဖျန်းခြင်း၊ကျိုင်းကောင်ကို စားသုံးသော ပျံလွှားငှက်များနေထိုင်ရာ ငှက်နားတိုင်များ လုပ်ဆောင်ခြင်း၊ ကြက်၊ ဘဲများ လွှတ်ကျောင်းစနစ်ထားခြင်းတို့ဖြင့် ကာကွယ်နှိမ်နင်းနိုင်ကြောင်း စစ်ကိုင်းတိုင်း စိုက်ပျိုးရေးဌာနက ထုတ်ပြန်ထားသည်။“တောင်သူတွေအနေနဲ့လည်း ကျိုင်းကောင်းတွေကိုတွေ့တာနဲ့ ပိုးသတ်ဆေးတွေကို ချက်ချင်းမလုပ်သင့်သေးဘူး။ ကျွမ်းကျင်တဲ့သူတွေနဲ့တိုင်ပင်ပြီးမှ လုပ်သင့်တယ်“ဟု ဦးလှိုင်ဝင်းပြောသည်။ကန္တာရကျိုင်းကောင်များကို တွေ့ရှိလျှင် ပထမဆုံး သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားရမည်ဖြစ်ပြီး ဒုတိယအဆင့် ဆေးရွက်ကြီး၊ကြက်သွန်ဖြူတို့ဖြင့် ပြုလုပ်သည့် သဘာဝပိုးသတ်ဆေးတို့ကို အသုံးပြုဖယ်ရှားသင့်ကြောင်း၊ ၎င်းအဆင့်အထိ လုပ်သော်လည်း မနှိမ်နင်းနိုင်မှသာ လေထုညစ်ညမ်းမှုမဖြစ်သည့် ပိုးသတ်ဆေးပမာဏကို အသုံးပြုကာ ဖယ်ရှားရှင်းလင်းသင့်ကြောင်း သိရသည်။  

- ပံဆင့်အောင်၊ မျိုးသန့်၊ မြင့်ဇော်ထွန်း
- မြန်မာတောင်သူကြီးများဂျာနယ်
- ၂၀၂၀ပြည့်နှစ် ဇွန်လ ( ၂၉)ရက်။